UPWC နဲ့ UNFC တို့ ချင်းမိုင်မှာတွေ့ဆုံ


2016.02.22
aungmin-620.jpg နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကိုတွေ့ရစဉ်
Photo: RFA

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့ ၉  ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ဒုဥက္ကဌ ဦးနိုင်ဟံသာ ဦးဆောင်တဲ့အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်းကော်မတီ UPWC အဖွဲ့က ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့တို့ဟာ ၂ နာရီကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ဒီကနေ့ နှစ်ဘက်တွေ့ဆုံ ဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်ပြီး UNFC အဖွဲ့က နိုင်ငံရေးဆိုင်ရာ တွေ့ ဆုံဆွေးနွေးရေးကော်မတီ DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် က သတင်းထောက်တွေကို အခုလို ပြောဆိုပါတယ်။

"အထူးအထွေရယ်လို့ ပြောလို့မရဘူး၊ ဒါပေမဲ့ ကျနော်တို့ အရင်ကလုပ်ခဲ့တဲ့ လုပ်ငန်းအဆက်အစပ်ကို ကျနော်တို့ ဘယ်လိုဆက်လုပ်မလဲဆိုတဲ့ ကျနော်တို့ နှစ်ဘက်စလုံးက ဆန္ဒရှိသလား၊ ဘယ်လိုဆန္ဒရှိသလဲ၊ နောက်ဘယ်လို ဆက်လုပ်ဖို့ စဉ်းစားထားသလဲပေါ့ အဲ့ဒီဟာလေးကို နှစ်ဦးနှစ်ဘက် အသိပေးတဲ့သဘောကျပါတယ်၊ အဲ့လောက်ပဲ ကျနော်တို့ ပြောဖြစ်ကြပါတယ်"

ဒီကနေ့ ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေဖက်က နိုင်ဟံသာ အပါအဝင် နိုင်ငံရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးရေး ကော်မတီဝင်တွေဖြစ်တဲ့  ခူးဦးရယ်၊ ဗိုလ်မှူးချူပ် စိုင်းထူး၊ ဗိုလ်ချူပ် ဂွမ်မော်၊ ဦးထွန်းဇော်၊ ဒေါက်တာခင်မောင်၊ တာ့ညီလူ၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ နိုင်ရွှေသိန်း တို့ တက်ရောက်ခဲ့ကြပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC အဖွဲ့မှာတော့ ဝန်ကြီး ဦးအောင်မင်း အပါအဝင် ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး၊ ဦးအောင်နိုင်ဦး၊ ဒေါက် တာ ကျော်ရင်မြင့်၊ ဦးညိုအုန်းမြင့် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေနွေးပွဲမှာ သီးခြားရလဒ် အဖြေတစ်စုံတရာ ရရှိတာမျိုးမရှိဘဲ ရှေ့ဆက်ငြိမ်းချမ်းရေးကို ဘယ်လိုဆက် သွားနိုင်မလဲဆိုတဲ့ နှစ်ဖက်အမြင်တွေ ဖလှယ်ခဲ့ကြပါတယ်။ တိုင်းရင်းသားတွေဘက်က အားလုံးပါဝင်ရေးမူကို လက်ကိုင်ထားတဲ့အပေါ် အဆင့်ဆင့်သွားရမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။ ဒါ့ပြင် လက်ရှိ အစိုးရသက်တမ်းမကုန်ခင်မှာ တခြားကျန်ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိ မရှိကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို အခုလို ပြောဆိုပါတယ်။

ချင်းမိုင်မြို့ကို ရောက်ရှိနေတဲ့ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ UPWC အဖွဲ့ဟာ ဒီကနေ့ ညနေ ၇ နာရီခန့်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က ခေါင်းဆောင်တွေနဲ့ ဆက်လက်တွေ့ဆုံ ဆွေးနွေးဖို့ရှိ တယ်လို့လည်း သိရပါတယ်။

UPWC နဲ့ UNFC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး UNFC အထွေထွေ အတွင်းရေးမှူး ခူးဦးရယ် ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။