တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုး
2015.10.15

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတာထက် အားလုံးလက်ခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ရေးက ပိုပြီး အရေးကြီးတယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုပါတယ်။ နေပြည်တော်က မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗန်းရှင်စင်တာ ၂ မှာ မနေ့က ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နတ်ကိုင် ၈ ဖွဲ့နဲ့ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အဖွင့် မိန့်ခွန်း မှာ သမ္မတဦးသိန်းစိန်က အခုလိုပြောကြား ခဲ့တာပါ။
"ကျနော်တို့ အစိုးရအနေနဲ့ကတော့ အားလုံးလက်ခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာဖို့က လက်မှတ်ရေးထိုးရေးထက် ပိုပြီးတော့ အရေးကြီးပါတယ်၊ အားလုံးလက်ခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုကို အုတ်မြစ်ချနိုင်ရေးဟာ မြန်မာပြည် အနာဂတ်အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်လို့ ကျနော်တို့ အစိုးရက ခံယူပြီး NCA သဘောတူညီမှုရရှိအောင် အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်၊ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်အားလုံး မပါဝင်နိုင်သေးပေမဲ့ ကနဦးရှေ့ပြေးအနေနဲ့ပါဝင်ပြီး ရှေ့ဆက်သွားဖို့ အဆင်သင့်ဖြစ်နေ တဲ့ အဖွဲ့တွေနဲ့ အရင်ဦးစွာ အခုလိုလက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်"
ဆက်လက်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် NCA ဟာ အနာဂတ်မျိုးဆက်တွေ အတွက် သမိုင်းဝင် လက်ဆောင်နဲ့ အမွေဖြစ်ကြောင်း၊ အခုအခါ မြန်မာနိုင်ငံရဲ့ အနာဂတ် ငြိမ်းချမ်းရေး လမ်းကြောင်းဟာ ပွင့်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဘယ်နှစ်ဖွဲ့ပါဝင် လက်မှတ်ရေးထိုးတယ် ဆိုတာထက် အားလုံးလက်ခံတဲ့ သဘောတူညီချက်ကို ဘယ်လောက် ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်သလဲ ဆိုတာနဲ့ တိုင်းတာရမှာဖြစ်ကြောင်း၊ လက်မှတ်ရေး ထိုးဖို့ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပါဝင်လာနိုင်ဖို့ ဆက်လက် ညှိနှိုင်းသွားမှာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ကို နောက်ကြောင်း ပြန်လှည့်မှာ မဟုတ်ဘဲ ရှေ့ကိုသာ ဆက်သွားမှာဖြစ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ဆိုပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးကလည်း နိုင်ငံရေးဆွေးနွေးပွဲတွေ က နေ အဖြေမထွက်သေးခင်ကာလမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို စစ်ရေးအရဖိအားပေး တာတွေ ရှောင်ကြည်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
"တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို သဘောတူလက်မှတ် လက်ခံသော်လည်း လက်တလော ပါဝင်လက်မှတ် မရေးထိုးနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထပ်မံပါဝင် လာရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်ရာမှာလည်း တပ်မတော် အနေနဲ့ အင်အားသုံးတဲ့နည်းထက် ညှိနှိုင်းအဖြေရှာ တဲ့နည်းလမ်းကို အသုံးပြုဖို့ အလေးအနက်ထားတောင်းဆို တိုက်တွန်းလိုပါတယ်၊ ၎င်းအဖွဲ့အစည်းများပါဝင် လာရေး လမ်းဖွင့်ပေးရာမှာ စစ်ရေးတင်းမာမှု လျော့ချရေးကို အထောက်အကူပြုမယ့် ယန္တရားဖန်တီးထားခြင်းဟာ အရေးပါပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ အတူတကွလက်မှတ်ရေးထိုးထားကြတဲ့ မိမိတို့ခေါင်းဆောင်တွေ အကြား ညှိနှိုင်းပြီး ဝိုင်းဝန်းနည်းလမ်းရှာဖွေကြဖို့လိုပါတယ်"
လေ့လာသူတချို့ကတော့ အခု တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ NCA အပစ်ရပ်စာချုပ်ကြောင့် တိုင်းရင်းသားအဖွဲ့တွေ ကာလ ကြာရှည် တောင်းဆိုနေတဲ့ ပိုမိုကျယ်ပြန့်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ စတင်နိုင်ဖွယ်ရှိပေမဲ့၊ ဒီကိစ္စဟာ အရပ်ဘက် ထိန်းချုပ် မှု အောက်မှာ ရှိမနေတဲ့ စစ်တပ်အပေါ် အဓိက တည်မှီနေတယ်လို့ ပြောဆိုကြပါတယ်။
လက်မှတ်ရေးထိုးပွဲတက်ရောက်ခဲ့တဲ့ မြန်မာ့အရေးလေ့လာသူ Richard Horsey က အခု တိုင်းရင်းသားအဖွဲ့ တချို့ပါဝင်တဲ့ သဘောတူစာချုပ်ကနေ သိသာ ထင်ရှားပီပြင်တဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး အကျိုးဖလှယ်မှုတွေဆောင် ကြဉ်းလာမလားဆိုတာ ရှေ့လာမယ့် ကာလတွေက စမ်းသပ်တော့ မှာဖြစ်ပါတယ် လို့ ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။
လက်မှတ်ရေးထိုးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ ပါဝင်ရေးထိုးခဲ့ပြီးအစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဌ ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ပကသက်သေအဖြစ်အဖွဲ့ ၆ ဖွဲ့၊ နိုင်ငံရေးပါတီအချို့၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံတမန်အချို့၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအပါအဝင် လူဦးရေ ၄၀၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။
ဒီအကြောင်း RFA ဝိုင်းတော်သား ဦးခင်မောင်စိုး တင်ပြထားတာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ တိုက်ပွဲတွေဖြစ်ပွားနေချိန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်တာနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ရဲ့ စုစည်းတင်ပြ ချက်ကိုလည်း နားဆင်နိုင်ပါတယ်။