တိုက်ပွဲတွေရပ်ဖို့ UPWCနဲ့ SSPP/SSA ဆွေးနွေးမည်
2015.12.06

အစိုးရတပ် နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဆိုင်းဖို့ မနက်ဖြန် နေပြည်တော်မှာ ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC အဖွဲ့နဲ့ SSPP/SSA တို့ တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲကို SSPP/SSA ဘက်က ခေါင်းဆောင်ငါးဦးတက်ရောက်မယ်လို့ SSPP အဖွဲ့ တာဝန်ရှိသူ ဗိုလ်မှူးကြီး စိုင်းစုက ပြောပါတယ်။
"UPWC ကနေကြားထဲမှာ ညှိနှိုင်းပြီးတော့ အဲ့မှာတွေ့ဆုံကြတာပါ၊ ဗဟိုကိုယ်စားလှယ် ကနေလွှတ်တာ ၅ ယောက်လောက်ပါပဲ၊ ဆွေးနွေးတဲ့အချက်ကို အကောင်အထည် ဖော်တဲ့နေရာမှာတော့ နှစ်ဦးနှစ်ဖက်အကောင်အထည်ဖော်ရတာပါ၊ တစ်ဖက်ထဲနဲ့တော့ မရဘူးလေ"
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ နဲ့ ၂၄ ရက်နေ့တွေကလည်း ရန်ကုန်မြို့မှာ နှစ်ဘက် ဆွေးနွေးခဲ့ကြစဉ် အချက် ၆ ချက် ပါ သဘောတူညီချက်ကို ရရှိခဲ့ပြီး သက်ဆိုင်ရာ ဗဟိုကော်မတီဝင်တွေဆီကို တင်ပြဆွေးနွေးခဲ့ပြီး မနက်ဖြန် နေပြည်တော်မှာ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။
အဲဒီအချက် ၆ ချက်ထဲမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လျှော့ချရပ်ဆိုင်းရေး၊ SSPP/SSA တပ်တွေအနေ နဲ့ မိုင်းနောင်-မိုင်းရှူး ကားလမ်းမြောက်ဘက် ကို ရွှေ့ပြောင်းရမှာဖြစ်သလို၊ ကားလမ်းတောင်ဘက်ခြမ်းမှာရှိတဲ့ အစိုးရတပ်တွေကိုလည်း ပြောင်းရွှေ့ပေးရေး၊ မိုင်းနောင်မြို့မှာ နှစ်ဘက်ဆက်ဆံရေး ရုံးဖွင့် လှစ်ရေးနဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ကစပြီး အစိုးရတပ်မတော်နဲ့ SSPP/SSA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံဒုက္ခသည် တစ်သောင်းကျော်လောက် ထွက်ပြေးနေကြရပါတယ်။