မိုင်းရယ်မြို့မှာ SSPP တပ်တွေ ဝင်ရောက်နေရာယူ
2024.07.13

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့မှာ ဇူလိုင်လ ၁၂ နေ့ညကစပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ဝင် တစ်ထောင်ကျော် ဝင်ရောက်တပ်စွဲလိုက်တယ်လို့ SSPP က သတင်းထုတ်ပြန်ပါတယ်။
မိုင်းရယ်မြို့နယ်အတွင်း ဒေသတည် ငြိမ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက် ရည်ရွယ်ပြီး SSPP/SSA တပ်တွေ ဝင်ရောက်နေရာယူလိုက်တာလို့ ဇူလိုင် ၁၃ ရက်နေ့မှာ SSPP က ထုတ်ပြန်ထားပါတယ်။
SSPP စိုးမိုးနယ်မြေကို တခြားအဖွဲ့အစည်းတွေ လက်ထဲမရောက်အောင် ကာကွယ်တာဖြစ်တယ်လို့ SSPP ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းဆုက ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။
“ဒီဒေသက ကျွန်တော်တို့ စိုးမိုးထားတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခြား အဖွဲ့အစည်းတွေ လက်ထဲကို ရောက်မသွားအောင် ကာကွယ်ဖို့နဲ့ ရှမ်းပြည်တပ်မတော် အုပ်ချုပ်မှုအောက်မှာ ဆက်ပြီးတော့ ရှိနေအောင် အခုလို လုပ်လိုက်တာ ဖြစ်တယ်။ ပြည်သူတွေကလည်း သူတို့ကို ကာကွယ်ပေးဖို့ ကျွန်တော်တို့ကို တောင်းဆိုကြပါတယ်”
ဇူလိုင်လ ၁၃ ရက်နေ့မှာလည်း နောက်ထပ်အင်အားထပ်ဖြည့်ပြီး မိုင်းရယ်မြို့နယ် နေရာအနှံ့ ဖြန့်ကျက်ထားတယ်လို့လည်း ဆိုပါတယ်။
SSPP နယ်မြေမှာ တိုက်ပွဲဖြစ်မှာစိုးလို့ လက်ဦးမှုယူတဲ့သဘောနဲ့ အခုလိုတပ်စွဲလိုက်တာလို့ ရှမ်းနိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
"တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်ပုံပေါ်ပါတယ်၊ သူတို့နယ်တွေထဲမှာပေါ့၊ စစ်တွေဘာတွေဖြစ်လာရင် နှစ်ဖက်စလုံးက လူ့အခွင့်အရေးတွေချိုးဖောက်ရင် လူထုကနာတယ်လို့ တွက်ဆပုံရပါတယ်။ အဲဒီသဘောနဲ့ ကြိုတင်လက်ဦးမှုယူတဲ့သဘောလို့ နားလည်လို့ရပါတယ်"
မိုင်းရယ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မိုင်းရယ်မြို့နဲ့ ကပ်လျက် တန့်ယန်းမြို့မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ UWSA "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ဝင်ရောက်တပ်စွဲထားပါတယ်။ UWSA တပ်တွေ ဝင်လာတာကြောင့် တန့်ယန်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားသလို မိုင်းရယ်မြို့မှာရှိတဲ့ စစ်ကောင်တပ်တွေလည်း SSPP တပ်တွေကြောင့် ဆုတ်ခွာသွားနိုင်တယ်လို့လည်း ရှမ်းနိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မိုင်းရယ်မြို့နယ်မှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၂၅)၊ ခြေလျင်တပ်ရင်း ခလရ (၆၇) နဲ့ ခြေလျင် တပ်ရင်း ခလရ (၂၂) စတဲ့ တပ်တွေအခြေစိုက်ထားပါတယ်။
တန့်ယန်းနဲ့ မိုင်းရယ်မြို့က တပ်တွေအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။