နယ်မြေအငြင်းပွားမှုနောက်ဆက်တွဲ TNLA လုပ်ဆောင်ချက်တွေကို SSPP ကန့်ကွက်
2024.05.31

နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ဘောင်ကျော်ပြုမူပြောဆိုတဲ့လုပ်ရပ်တွေကို ကန့်ကွက်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မေလ ၃၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
TNLA နဲ့ SSPP/SSA တို့ကြား နယ်မြေအငြင်းပွားမှုကြောင့် နှစ်ဖက်တင်းမာနေတဲ့အချိန်မှာ TNLA ဘက်က နိုင်ငံရေးအရ အသာရလိုမှု၊ လူမျိုးရေးခွဲခြားမှုအခြေခံနဲ့ ဘောင်ကျော်ပြီး ပြုမူပြောဆိုတဲ့ လုပ်ရပ်တွေဟာ မလိုလားအပ်တဲ့ စစ်ရေးအရ ဖြေရှင်းမှုတွေကို ဖိတ်ခေါ်ရာရောက်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးရေးနည်းနဲ့ တွေ့ဆုံဖြေရှင်းရေးကို ဦးစားပေးနည်းလမ်းအဖြစ် SSPP က ကိုင်စွဲထားပေမဲ့ မဟာမိတ်တချို့ရဲ့လုပ်ဆောင်ချက်တွေကြောင့် SSPP အပေါ် လူထုအမြင် လွဲမှားစေရုံသာမက နိုင်ငံရေးဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းစွာအတူနေထိုင်ရေးမူကို ထိခိုက်စေတာတွေ ဆက်တိုက်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
နှစ်ဖက်တင်းမာမှုတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က ဗဟိုအဆင့်ထိပ်သီး ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲရလာဒ်တွေကို အောက်ခြေအဆင့်အထိ လိုက်နာအောင် SSPP က အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ရေးသားထားပါတယ်။
TNLA ဘက်ကတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ဆန္ဒမရှိဘူးဆိုတာ လက်ရှိဖြစ်စဉ်တွေနဲ့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးရဲ့ မီဒီယာတွေကို ဖြေဆိုတာတွေက ထင်ရှားနေတယ်လို့ SSPP က စွပ်စွဲထားပါတယ်။
နမ့်ခမ်းမြို့နယ်က ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာပေးဖို့ နှစ်ဖက်တပ်ဖွဲ့တာဝန်ရှိသူတွေ ညှိနှိုင်းရာမှာ ပြေလည်မှုရခဲ့တယ်လို့ မေလ ၂၉ ရက်နေ့မှာ TNLA ပြောခွင့်ရှိသူ လွေးယေဦး က ပြောဆိုထားတာပါ။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ SSPP တာဝန်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို RFA ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရပါဘူး။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက်မပေးလိုကြောင်းနဲ့ TNLA အနေနဲ့ မဟာမိတ်တွေနဲ့ နယ်မြေအငြင်းပွားမှုတွေအပါအဝင် ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေကို နိုင်ငံရေးစကားဝိုင်းမှာပဲ ဖြေရှင်းသွားမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
မေလ ၂၇ ရက်နေ့က SSPP တပ်ဖွဲ့ဝင်တွေကို TNLA က ကားတွေနဲ့ တင်ဆောင်ပြီး မူဆယ်မြို့ဘက်ကို နှစ်ဘက်ခေါင်းဆောင်ဆောင်တွေ ဆွေးနွေးမှုအရ ပြန်ပို့ခဲ့တာလို့လည်း TNLA ဘက်က ပြောဆိုထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA နဲ့ SSPP တို့ကြား နယ်မြေအငြင်းပွားပြီး တိုက်ပွဲတွေမကြာခဏ ရှိနေတာပါ။ TNLA နဲ့ SSPP တို့ဟာ UWSA “ဝ” တပ်ဖွဲ့ ဦးဆောင်ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုမှာ ပါ၀င်ကြသလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပါတယ်။