ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း RCSS ခေါင်းဆောင်တွေ နဲ့ ဆွေးနွေး
2016.02.22

ငြိမ်းချမ်းရေးကိစ္စ ဆက်လက်အကောင်အထည်ဖော်ရေးနဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့တို့ ပဋ္ဋိပက္ခဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကိုရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ RCSS ခေါင်းဆောင်တွေနဲ့ မနေ့က ညနေ ၆ နာရီက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့ နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဒု-ဥက္ကဌ ဝန်ကြီး ဦးအောင်မင်း တို့ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး RCSS အဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းမိဏ်း က သတင်းထောက်တွေကို အခုလို ပြောပါတယ်။
"အဓိကကတော့ ကျနော်တို့ ရှေ့ဆက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော်တို့ နောက် အစိုးရသစ်တက်လာမည့် အခြေအနေရယ် ပြီးတော့ MPC ရဲ့ အခြေအနေရယ် ဘယ်လိုဆက်သွားမလဲ ပြီးတော့ ကျနော်တို့ ဘယ်လို လက်တွဲပြီးတော့ လုပ်ဆောင် သွားကြမယ်ဆိုတဲ့အချက်တစ်ချက် ပြီးတော့ အခု လက်ရှိ ကျနော်တို့ ရှမ်းပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋ္ဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဆွေးနွေးတာပေါ့နော် ဒီအချက် မှာလည်း ကျနော်တို့ RCSS အနေနဲ့က NCA ချိုး ဖောက်တာလည်း မဟုတ်ဘူး ပြီးတော့ NCA ကြောင့်မိုလို့ ဒီတပ်မတော်နဲ့ လက်တွဲပြီးသွားတိုက်တာလည်းမဟုတ်ဘူး ဒီကိစ္စတွေ ဖြစ်ပါတယ်"
ဝန်ကြီး ဦးအောင်မင်း အဖွဲ့အနေနဲ့ကတော့ ရှမ်းပြည်နယ်တွင်းမှာဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခတွေနဲ့ ပတ်သက်ပြီး အကြံပြု ကူညီနိုင်ဖို့ ကိစ္စတွေကို အဓိကထား ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဦးလှမောင်ရွှေ က သတင်းထောက်တွေကို ပြောပါတယ်။
"ကျနော်တို့ နိုင်ငံမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ လုပ်နေတဲ့အချိန်မှာ ပဋ္ဋိပက္ခတွေ လျှော့ချပြီး စားပွဲဝိုင်းရောက်အောင်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါ ကျနော်တို့ အနေနဲ့ လေးနှစ်ခွဲလုံးလုံး RCSS နဲ့ ဆွေးနွေးခဲ့ပြီးပြီ ယုံကြည်မှုတွေ ရသင့်သလောက်ရပြီ၊ ပြီးတော့ NCA လည်း ထိုးထားတဲ့အတွက် အဓိကတော့ RCSS ဖက်ကိုတော့ ကျနော်တို့က ပြောဖို့ဆိုဖို့ ပိုပြီးနီးစပ်တယ် ပြောဖို့ဆိုဖို့ကိုလည်း နည်းလမ်းတွေကို အကြံပြုခွင့်ရတယ်ပေါ့ ဒါကြောင့်မိုလို့ RCSS ကို ကျနော်တို့က အကြံပြုတာပါပဲ"
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေရပ်စဲဖို့အတွက် RCSS အဖွဲ့အနေနဲ့ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့က ခေါင်းဆောင်တွေကို အမြန်ဆုံး တွေ့ဆုံဆွေးနွေးသွားကြဖို့ ဆန္ဒရှိနေပြီး ဝန်ကြီး ဦးအောင်မင်းအဖွဲ့နဲ့ ဆွေးနွေးပွဲမှာ အကျိုးရလဒ်ရှိခဲ့တယ်လို့ ဗိုလ်မှူး စိုင်းမိဏ်း က ဆက်ပြောပါတယ်။
"ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ဒါက ကျနော်တို့ စတင်တိုက်ခိုက်တဲ့ တိုက်ပွဲလည်း မဟုတ်ဘူး NCA ကို ချိုးဖောက်တာလည်း မဟုတ်ဘူး ဒါကြောင့်မိုလို့ ကျနော်တို့ကလည်း ဆွေးနွေးဖို့ကို လိုလားတယ် ဒီကိစ္စမှာ ကျနော်တို့ ဆွေးနွေးယုံတင် မကပါဘူး ဒီ PSLF/TNLA နဲ့ ကျနော်တို့ အတူတကွ လက်တွဲပြီးတော့ NCA ကို လက်မှတ်ရေးထိုးပြီးတော့ ရှေ့နိုင်ငံရေး တွေမှာ ကျနော်တို့ လက်တွဲပူးပေါင်း ပြီးတော့ နိုင်ငံရေးတွေ ဖြေရှင်းမယ် ကျနော်တို့ ရှမ်းပြည် အတွက် ဝိုင်းဝန်းပြီးတော့ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်သွားဖို့ ကျနော်တို့ ကမ်းလှမ်းကြိုဆို ပါတယ်"
ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ KNPP အဖွဲ့၊ KLA အဖွဲ့တို့ နဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။