မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေး


2018.10.24
marzuki-darusman-622.jpg မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ၂ဝ၁၈ အောက်တိုဘာလ ၂၄ ရက်နေ့က လုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မာဇူကီဒါရုစ်မန်း အစီရင်ခံတင်ပြစဉ်။
UN Photo/Eskinder Debebe

ရခိုင်ပြည်နယ်မှာ တပ်မတော်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က ကြားနာခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရုစ်မန်း (Marzuki Darusman) က အဖွဲ့ရဲ့ တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး အစီရင်ခံတင်ပြခဲ့တာပါ။ လုံခြုံရေးကောင်စီအနေနဲ့ ဒီကြားနာပွဲမလုပ်ဖို့ တရုတ်၊ ရုရှားနဲ့ ဘိုလီးဗီးယားတို့က ကန့်ကွက်ခဲ့ပေမယ့် ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၃ မဲနဲ့ အရေးနိမ့်ခဲ့ပါတယ်။

ဒီကြားနာပွဲကို မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းနဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Masud Bin Momen တို့လည်း တက်ရောက်ခွင့်ရခဲ့ပါတယ်။ အချက်အလက် ရှာဖွေရေးအဖွဲ့ဟာ အခြေအမြစ်မရှိတဲ့၊ ဘက်လိုက်တဲ့၊ ဖုံးကွယ်ထားတဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက လုံခြုံရေးကောင်စီ မှာ ပြောဆိုကန့်ကွက်ခဲ့ပါတယ်။

ကြားနာပွဲမတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရုစ်မန်းက အဖွဲ့အနေနဲ့ တွေ့ရှိချက်တွေအရ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုအဆင့် ၄ သို့မဟုတ် ၅ မှာရှိနေတယ်လို့ ယူဆထားပြီး၊ အခုထိ ဆက်ရှိနေဆဲပဲလို့ ဆုံးဖြတ်ထားကြောင်း၊ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ထားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး စာမျက်နှာ ၄၄၄ မျက်နှာပါ အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီကလည်း မြန်မာအစိုးရဟာ ဒီမိုကရေစီ ထူထောင်ရေးမှာ အမှန်တကယ် စိတ်ပါဝင်စားမှုမရှိဘူးလို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာအစိုးရဟာ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် မှန်မှန် ကန်ကန်ရောက်ရှိအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့ မှာ အတိတ်ကာလကနဲ့ သိသိသာသာ ကွာခြားသွားတာ မတွေ့ရကြောင်း၊ ရခိုင်ပြည်နယ်က မွတ်စလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ မတော်မတရားမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း တလျှောက်လုံး ငြင်းဆိုနေခဲ့ပြီး နိုင်ငံတကာကို အဲဒီကိစ္စတွေကနေ အာရုံလွှဲဖို့ အမြဲကြိုးစားနေတယ်လို့ မစ္စယန်ဟီးလီက ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခဆိုင်ရာ စွပ်စွဲချက်တွေအပေါ် ထိထိရောက်ရောက် စုံစမ်းစစ်ဆေးဖို့ ဆိုတဲ့ နိုင်ငံတကာရဲ့ လိုလားတောင်းဆိုချက်တွေကိုလည်း ပြည့်ဝအောင် မဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒါကြောင့် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံပြဿနာကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ အမြန်ဆုံးတင်သွင်း သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။