လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဗြိတိန်အလေးပေးဆွေးနွေးမည်

RFA Burmese
2023.07.04
လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဗြိတိန်အလေးပေးဆွေးနွေးမည် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward ကို ဇူလိုင် ၃ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။
UN

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဇူလိုင်လအတွက် အလှည့်ကျဥက္ကဋ္ဌနေရာကို ဗြိတိန်နိုင်ငံက တာဝန်ယူမှာဖြစ်ပြီး၊ ဒီလအတွင်း ဦးစားပေးဆွေးနွေးမယ့်အကြောင်းအရာတွေထဲမှာ မြန်မာ့အရေးလည်း ပါဝင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က ဇူလိုင်လ ၃ ရက်နေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

လတ်တလော ဖြစ်နေတဲ့ မြန်မာ၊ ဆီးရီးယား၊ ကွန်ကိုနဲ့၊ ယူကရိန်းနိုင်ငံက စစ်ရေးပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေ တိုးလာနေတာကို တွေ့ရတယ်လို့ သူကပြောပါတယ်။

ဒီလိုလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကနေ လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်တွေကို လုံခြုံရေးကောင်စီမှာ ကြားနာဖို့ရှိတယ်လို့လည်း ဗြိတိန်သံအမတ်ကြီးကပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ပြန်သုံးသပ်ပြီး၊ ဆုံးဖြတ်ချက်အတိုင်း လိုက်နာအကောင်အထည်ဖော်လာအောင် တွန်းအားပေးသွားဖို့လိုတယ်လို့လည်း ပြောခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တစ်ရပ်ကို ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလက ချမှတ်ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ ရပ်ဆိုင်းဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ပြုဖို့ စတဲ့အချက်တွေ ဆုံးဖြတ်ချက်မှာ ပါဝင်ပါတယ်။

ဒီလိုဆုံးဖြတ်ချက် ချမှတ်ထားတာ အချိန်ခုနှစ်လကျော်လာပြီဖြစ်ပေမဲ့ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြ‌နေကြပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ စစ်ကောင်စီကို ထပ်တိုးအရေးယူဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ဇွန်လ ၃၀ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ထပ်မံတိုက်တွန်းထားပါတယ်။

ဗြိတိန်နိုင်ငံဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီအတွင်း အပြင်းအထန် ဆွေးနွေးနေတဲ့နိုင်ငံဖြစ်တာကြောင့် အခုအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ ပိုပြီးထိရောက်တဲ့ ဆုံးဖြတ်ချတွေချနိုင်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။