တပ်ကို ထောက်ပံ့တဲ့ ကုမ္ပဏီတွေကို အရေးယူဖို့ Justice For Myanmar အဖွဲ့ တောင်းဆို
2020.08.24

ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးတွေအပေါ် တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ရာမှာ ကမ္ဘောဇဘဏ် (KBZ) နဲ့ Max Myanmar ကုမ္ပဏီတွေက ထောက်ပံ့ကူညီခဲ့တယ်လို့ Justice For Myanmar အဖွဲ့က ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ စွပ်စွဲလိုက်ပြီး ဒီကုမ္ပဏီတွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ ရာဇဝတ်မှု စုံစမ်းစစ်ဆေးဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာက စီးပွားရေး မိတ်ဖက်တွေကိုလည်း ဒီကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းဖို့ တိုက်တွန်း လိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ကျူးလွန်မှု သုံးနှစ်ပြည့်ချိန်မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအချက်အလက်ရှာဖွေရေး မစ်ရှင် FFM အဖွဲ့က အစီရင်ခံစာထုတ် ထောက်ပြထားတဲ့ ဒီကုမ္ပဏီတွေကို နိုင်ငံတကာ တရားဥပဒေနဲ့အညီ ရာဇဝတ်မှု စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုလိုက်တာလို့ ဆိုပါတယ်။
ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး KBZ နဲ့ Max Myanmar ကုမ္ပဏီတို့ကို ဒီနေ့ မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
FFM အဖွဲ့ အစီရင်ခံစာ စတင်ထုတ်ပြန်ချိန်တုန်းကတော့ KBZ ကုမ္ပဏီလုပ်ငန်းစုက အဲဒီအစီရင်ခံစာကို လေ့လာနေကြောင်း၊ အစီရင်ခံစာ ပြုစုရေးသားချိန်မှာ KBZ ကုမ္ပဏီလုပ်ငန်းစုကို ဆက်သွယ်မေးမြန်းခဲ့တာ မရှိတဲ့အတွက် တစ်စုံတစ်ရာ ဖြေကြားနိုင်ခြင်း မရှိကြောင်း ပြောထားပါတယ်။
၂၀၁၇ ခုနှစ်က ရိုဟင်ဂျာလူမျိုးတွေအပေါ် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း နယ်စပ်ခြံစည်းရိုးခတ်ဖို့အတွက် လုပ်ဆောင်ချိန်မှာ KBZ Group နဲ့ Max Myanmar က တပ်မတော်ကို ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ပြည်ထောင်စု လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD က နယ်စပ် စည်းရိုးခတ်ဖို့အတွက် ရန်ပုံငွေရှာချိန်မှာ KBZ က အမေရိကန်ဒေါ်လာ ၂ ဒဿမ ၂ သန်းနဲ့ Max Myanmar က အမေရိကန်ဒေါ်လာ ၆ သိန်းခွဲကျော်ကို လှူဒါန်းခဲ့ကြောင်း FFM က ထောက်ပြထားပါတယ်။
FFM အဖွဲ့က အကြံပြုချက်တွေကို လက်ရှိအချိန်အထိ ဂရုမစိုက်တဲ့ စီးပွားရေးလုပ်ငန်းစုတွေကို အရေးယူ ဆောင်ရွက်ပေးဖို့ Justice For Myanmar အဖွဲ့က တောင်းဆိုထားပါတယ်။တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ လုပ်ငန်းခွဲတွေက ထူထောင်ထားတဲ့ လူသုံးကုန်၊ အစားအသောက်နဲ့ ဟိုတယ်ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းတွေကို အသုံးမပြုဖို့ Justice For Myanmar အဖွဲ့က ဒီလဆန်းပိုင်းနဲ့ လလယ်ပိုင်းတို့မှာ တိုက်တွန်းထားပါတယ်။
ဒီအဖွဲ့ရဲ့ တိုက်တွန်းချက်၊ တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ထူးထူးထွေထွေ တုံ့ပြန်ဝေဖန်စရာ မရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဒီလုပ်ငန်းတွေဟာ နိုင်ငံ့စီးပွားရေးကို တဖက်တလမ်းက အထောက်အကူဖြစ်ရေး၊ တပ်မိသားစု သက်သာချောင် ချိရေးတို့အတွက် ရည်ရွယ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ နိုင်ငံတော်အစိုးရကို အခွန်ဆောင်ပြီးတော့မှလုပ်နေပြီး အကျိုးအမြတ်ကိုလည်း တပ်မိသားစု သက်သာချောင် ချိရေးအတွက် သုံးနေတယ်လို့ ပြောခဲ့ပါတယ်။