အကြမ်းဖက်မှုတွေကို အရေးယူနိုင်မယ့် နည်းလမ်းရှာဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း
2022.02.15

မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို အရေးယူနိုင်မယ့်နည်းလမ်းတွေရှာဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က ဖေဖော်ဝါရီ ၁၄ ရက် မနေ့ကပြောကြားခဲ့ပါတယ်။
စစ်တပ်ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာစစ်တပ်က ပြည်သူတွေကို လူသားမျိုးနွယ်အပေါ်ပြစ်မှုတွေ ကျုးလွန်ခဲ့တယ်လို့ သံအမတ်ကြီးက ပြောထားသလို ပြီးခဲ့တဲ့နှစ်တွေမှာလည်း လူအစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ နေအိမ် မီးရှို့မှုတွေ ကျုးလွန်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး အမြန်ဆုံးအရေးယူနိုင်မယ့် နည်းလမ်းတွေ ရှာဖွေကြဖို့ကို လည်း သူက တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်မှုကို ဘယ်နေရာ၊ ဘယ်အခြေအနေ၊ ဘယ်ပုံစံနဲ့ ဘယ်သူမဆို ကျုးလွန်နေတာကို ခွင့်မလွှတ်ဘဲ ရှုတ်ချတယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စတွေမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီ အမှုဆောင်ညွှန်ကြားရေးမှူးရုံး (Counter-Terrorism Committee Executive Directorate-CTED)၊ Interpol၊ UNODC၊ UNOCT စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်သွားမယ်လို့လည်း သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။