ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ မောင်တောသွားရောက်

2018.05.01
unsc-maungtaw-622.jpg တောင်ပြိုလက်ဝဲကို ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့က ရောက်ရှိလာတဲ့ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ကို တွေ့ရစဉ်
Photo: Aung Thurein

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ဒီနေ့သွားရောက်လေ့လာခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ မောင်တောဒေသရဲ့ပကတိအခြေအနေမှန်ကို နိုင်ငံတကာက သိရှိနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ပြောပါတယ်။

"ကျနော်တို့ရဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်တဲ့အတွက် သူတို့အဲမှာ မေးခဲ့လို့ရှိရင်လည်း သူတို့ တဘက်က နားထောင်ခဲ့တဲ့ ဇာတ်ကြောင်းနဲ့ ဒီဘက်က အမှန်ဖြစ်ခဲ့တဲ့ ဇာတ်ကြောင်းနဲ့ အကွဲလွဲကြီး ကွဲလွဲနေတာကို သူတို့အနေနဲ့ တွေ့ရှိသွားမှာဖြစ်ပါတယ်။ သူတို့လာတဲ့ ရည်ရွယ်ချက်ကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ပါဝင်ပတ်သက်ဖို့ဆိုတာထက် ဘာတွေဖြစ်တယ်ဆိုတာကို သိရှိအောင် လာရောက်ကြည့်ရှုတာဖြစ်တဲ့အတွက် အမြင်မှန်တွေကို သိရှိသွားတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ အနည်းငယ်တော့ ပြောင်းလဲသွားမယ်လို့ထင်ပါတယ်"

ခရီးစဉ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေထဲက Bolivia ၊ China ၊ Equatorial Guinea ၊ Ethiopia ၊ Kazakhstan ၊ Kuwait ၊ Sweden အစရှိတဲ့ နိုင်ငံ ၁၅ နိုင်ငံက ကိုယ်စားလှယ် ၁၅ ဦးပါဝင်ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဟာ မောင်တောမြောက်ပိုင်းက ပြန်လည်လက်ခံရေးစခန်းတွေဖြစ်ကြတဲ့ တောင်ပြိုလက်ဝဲ၊ ငခူရနဲ့ လှဖိုးခေါင်စခန်းတွေကို သွားရောက်ခဲ့ကြသလို ရွှေဇားကျေးရွာမှာလည်း ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေ၊ မြိုတိုင်းရင်းသားတွေနဲ့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံခဲ့ရာ အကြမ်းဖက်မှု ဘယ်လိုကြုံခဲ့ရတယ် ဆိုတဲ့အကြောင်းတွေကို ဒေသခံတွေက ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မောင်တောဒေသကို သွားရောက်ခဲ့တဲ့ခရီးစဉ်မှာ UEHRD ရဲ့ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့လည်း လိုက်ပါခဲ့ကြပါတယ်။

ညနေပိုင်းမှာတော့ စစ်တွေမြို့က အရပ်ဘက်အဖွဲ့အချို့က တာဝန်ရှိသူတချို့နဲ့ စစ်တွေလေဆိပ်မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တေ့ွဆုံခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း သီးခြားစီ တေ့ွဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။