ကုလလုံခြုံရေးကောင်စီအဖွဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို တွေ့ဆုံ
2018.04.30

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက်၊ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ညနေပိုင်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
ဒီနေ့မှာတော့ မောင်တောဒေသကို ဒီနေ့ နေ့ချင်းပြန်ခရီးသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြန်ကြားရေး နဲ့ ပြည်သူ့ ဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင် က ပြောပါတယ်။
"ပြန်လည်လက်ခံရေးစခန်းတွေနဲ့ နောက်တိုင်းရင်းသားတွေ၊ လက်ခံမယ့်လူတွေထားရှိမယ့်နေရာတွေ သွားမယ် လို့တော့ အကြမ်းဖျင်းသိထားတယ်ဗျ၊ ဒီကနေပြီး ရဟတ်ယာဉ်နဲ့သွားမှာ သွားပြီး ဟိုဘက်တောင်ပြိုလက်ဝဲတို့ ငခူရတို့ဘက်အခြမ်းတွေကိုပြပြီးတာနဲ့ မောင်တောမှာ နေ့လယ်စာ စားပြီး မောင်တောခရီးစဉ်ဆက်သွားမှာပေါ့၊ ပြီးတာနဲ့ ရဟတ်ယာဉ်နဲ့ စစ်တွေကိုပြန်လာမယ်၊ ပြီးတော့ နေပြည်တော်ပြန်မယ်ပေါ့"
အဖွဲ့ဝင် ၁၅ ဦးပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်အဖွဲ့နဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်ပြီး၊ စိစစ်ပြီးသူတွေကို မြန်မာဘက်ကပြန်လည်လက်ခံဖို့ အသင့်ဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်အနေနဲ့ နှစ်နိုင်ငံသဘောတူထားတဲ့ ပုံစံမှန်တွေ ဖြည့်စွက်ပြီး၊ အမြန်ဆုံး ပြန်လည်ပေးပို့ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ထိခိုက်ခံခဲ့ရတဲ့ အသိုက်အဝန်းတွေ အားလုံးကို လူသားချင်းစာနာမှု အကူအညီတွေပေးအပ်နေပြီး၊ အသိုက်အဝန်းတွေကြား ယုံကြည်မှုပြန်လည်တည်ဆောက်ရေးကိစ္စ၊ နိုင်ငံ သား ပြုရေးကိစ္စ၊ IDP စခန်းတွေ ပိတ်သိမ်းနေတဲ့အခြေအနေ၊ နိုင်ငံသားစိစစ်ရေး (NVC) ကတ်တွေ ထုတ်ပေးနေတဲ့ကိစ္စ၊ တရားဥပဒေစိုးမိုးရေး ကြိုးပမ်းဆောင်ရွက်နေပုံ၊ နှစ်နိုင်ငံ နယ်နိမိတ် မျဉ်းပေါ် မှာ နေထိုင်နေသူတွေ ကိစ္စ၊ အကြမ်းဖက်မှုတွေ အချိန်မရွေးပြန်လည်ပေါ်ပေါက်လာနိုင်ခြေရှိနေတာ၊ ပဋိပက္ခ ဖြစ်ပွားရတဲ့ အကြောင်းရင်းဇစ်မြစ် ကို ရှာဖွေဖြေရှင်းရေး၊ အမုန်းစကား ကာကွယ်တားဆီးရေးကိစ္စ၊ ပညာရေးကိစ္စ စတာတွေကို ရှင်းလင်းပြောကြားခဲ့ တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
အဲဒီနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကုလအဖွဲ့ရဲ့ မေးမြန်းချက်တွေ ကို ပြန်လည်ဖြေကြားခဲ့ရာမှာ တပ်မတော်အနေနဲ့ ဆိုင်ရာ အက်ဥပဒေတွေကို လိုက်နာနေပြီး နိုင်ငံတကာ ဥပဒေ စည်းမျဉ်းတွေနဲ့အညီသာ တိတိကျကျဆောင်ရွက်နေကြောင်း၊ ရခိုင်မြောက်ပိုင်းမှာ အစွန်းရောက် အကြမ်းဖက် သမား တွေရဲ့ လုပ်ရပ်တွေကြောင့်သာ အခုလို အခြေအနေတွေဖြစ်ပေါ်ခဲ့ရကြောင်း၊ စွတ်စွဲခံနေရတဲ့ လိင်အကြမ်းဖက်မှုလို မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာတရားအရ စက်ဆုပ်ဖွယ် ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးနေပြီး၊ တပ်မတော် သမိုင်းမှာ အဲဒီလို အမှုတွေမရှိကြောင်း လူသားချင်းစာနာမှုကူညီရေးတွေ ကို ဒေသခံတိုင်းရင်းသားတွေကိုလည်း သာတူညီမျှပေးဖို့လိုကြောင်း၊ အခုပေးလိုက်တဲ့ အထောက်အထား စာရွက်စာတမ်း၊ ဓါတ်ပုံမှတ်တမ်းတွေကို အသေအချာ လေ့လာ စေလိုကြောင်း ပြောကြားခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်အဖွဲ့ဟာ ရခိုင်မြောက်ပိုင်းက အပြန်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။