မြန်မာ့အရေး တိုးမြင့် ဆောင်ရွက်ဖို့ ကုလ အတွင်းရေးမှူးချုပ်ကို တိုက်တွန်း

မြန်မာနိုင်ငံက နိုင်ငံရေး ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ရေး အတွက် ကုလသမဂ္ဂ အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေးတွေ ပေါ်ပေါက်လာအောင် ထပ်မံ တိုက်တွန်း ပေးစေချင်ကြောင်း ဗြိတိန် နိုင်ငံ လန်ဒန်မြို့ အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက် ပါတယ်။

2011.06.20
ban_ki-moon_asia_trip_305_z.png ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းပုံ
Photo: AFP

ကုလသမဂ္ဂ အနေနဲ့ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး လေ့လာ စောင့်ကြည့်နေမဲ့ အစား အရင်က ဆောင်ရွက်ချက် တွေမှာ မအောင်မမြင် ဖြစ်ခဲ့တာတွေကို ပြန်လည် သုံးသပ်ပြီး ပိုမို ထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်း လိုပါတယ်လို့ ကြေညာချက်မှာ ဆိုထား ပါတယ်။

Burma Campaign UK ရဲ့ အမှုဆောင် ညွှန်ကြားရေးမှုး Ms. Anna Roberts က မြန်မာ နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးရေး အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက အလေး အနက်ထား ဆောင်ရွက်ခြင်း မရှိသေးတာနဲ့၊ မြန်မာနိုင်ငံ အတွက် ကုလ ကိုယ်စားလှယ် တစ်ဦး အချိန်ပြည့် ခန့်ထားရေးတွေ ပျက်ကွက် နေတာကြောင့် မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေဟာ ပိုပြီး ဆိုးဝါးလာနေကြောင်း ၊ ဒီ့အတွက် တောင်းဆိုရတာ ဖြစ်ကြောင်း Ms. Anna Roberts ကပြောပါတယ်။

မြန်မာ ပြည်သူတွေရဲ့ အရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေကို အလေးထား ဂုဏ်ပြုတဲ့ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကို အားပေး ထောက်ခံကြဖို့ အပြောနဲ့ မဟုတ်ဘဲ လက်တွေ့ ကျကျ ကူညီကြစေချင်ကြောင်းလည်း Ms. Anna Roberts က ပြောပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အလျင်စလို ဆောင်ရွက်တာတွေ မရှိတဲ့ အတွက် ဦးသိန်းစိန် အစိုးရသစ်ဟာ အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲ ဖြစ်နေတာတွေ၊ မြန်မာ နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားနေတာတွေ တွေ့မြင်ရကြောင်း ၊ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ နိုင်ငံတကာရဲ့ တောင်းဆိုချက် တွေကို လစ်လျူရှုပြီး မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ အစိုးရက ငြင်းဆို နေကြောင်းလည်း ဒီကြေညာချက်မှာ ဖော်ပြထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။