ရခိုင်ပြည်နယ်ပြဿနာ စုံစမ်းစစ်ဆေးဖို့ အမေရိကန်ပြောကြား
2014.01.25
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်းကျေးရွာမှာ ဇန်နဝါရီလ ၁၃ ရက်နေ့ညက လူ ၄ဝ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဌာနက အခုသတင်းအတွက် စိုးရိမ်ပူပန်ကြောင်းနဲ့ ဖြစ်ပျက်ခဲ့ပုံတွေကို လျှင်မြန်စွာနဲ့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ မနေ့က ပြောကြားလိုက်ပါတယ်။
တစ်ရက်တည်းမှာပဲ အခုလို ဒုချီးရာတန်းရွာမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်ပသတင်းဌာနတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချိုု့က အတည်မပြုနိုင်တဲ့ သတင်းတွေကို လွဲမှားစွာကောက်ချက်ချ ထုတ်ပြန်နေကြောင်းနဲ့ အဲဒီလိုပြုမူဆောင်ရွက်ချက်တွေဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အသိုင်းအဝန်းနှစ်ခုအကြား အထင်အမြင်လွဲမှားအောင် ပုံကြီးချဲ့နေတာဖြစ်ကြောင်း မြန်မာအစိုးရ၊ နိုင်ငံခြားရေးဌာနက ဇန်နဝါရီလ ၂၄ ရက် သောကြာနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီသတင်းထုတ်ပြန်ချက်မှာ ဒုချီးရာတန်းကျေးရွာကို ၁၃ ရက်ညပိုင်းက ကင်းလှည့်သွားတဲ့ ရဲအဖွဲ့ကို ဘင်္ဂါလီတွေက ဝိုင်းဝန်းရန်မူခဲ့လို့ ရဲအဖွဲ့က လူစုခွဲရှောင်ပေးခဲ့ရာကနေ ဒီနေ့အထိ ရဲတပ်ကြပ်ကြီးတဦး လက်နက်နဲ့အတူ ပျောက်ဆုံးနေကြောင်း၊ အဲဒီလို လူစုကွဲကျန်ရစ်သူကို ရှာဖွေဖို့အတွက် လုံခြုံရေးတွေ ထပ်မံသွားရောက်ရာမှာ ဘင်္ဂါလီ ၅ဝဝ ကျော်က ဝိုင်းဝန်းရန်မူတဲ့အတွက် သေနတ် ၈ ချက်ဖေါက် သတိပေးခဲ့ကြောင်းနဲ့ ပြည်သူ တစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးခြင်းမရှိခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
ဒီအတောအတွင်းမှာပဲ MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့က ဒုချီးရာတန်းရွာအရေးအခင်းမှာ ဒဏ်ရာရခဲ့သူတွေလို့ ယုံကြည်ရတဲ့ လူနာ ၂၂ ဦးကို သူတို့ကုသပေးခဲ့ကြောင်း၊ အများစုက ဓါးဒဏ်ရာတွေနဲ့ဖြစ်ကြောင်း မနေ့က ပြောပါတယ်။ နယူးယောက်အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နဲ့ လန်ဒန်အခြေစိုက် Burma Campaign UK မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့တွေကလည်း မနေ့က ရက်စွဲနဲ့ ကြေညာချက်တွေထုတ်ပြန်ပြီး အဲဒီ ဒုချီရာတန်းကျေးရွာမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို အသေအချာ စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာအစိုးရ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံတကာသတင်းဌာနတွေ အဖွဲ့အစည်းတွေအနေနဲ့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေကို ဆက်သွယ်စုံစမ်းပြီးမှ သတင်းတွေကို ထုတ်ပြန်သင့်ကြောင်းနဲ့ နိုင်ငံခြားသံတမန်တွေအနေနဲ့လည်း ၁၉၆၁ ခုနှစ် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ သဘောတူညီချက်နဲ့အညီ ကျင့်ဝတ်တွေကို လိုက်နာကြဖို့လိုကြောင်း ဖေါ်ပြထားပါတယ်။
အဲဒီ ဗီယင်နာသဘောတူညီချက်မှာ နိုင်ငံတကာ သံတမန်တွေကို သူတု့ိရောက်ရှိရာနိုင်ငံ အစိုးရတွေက အရေးယူလို့မရအောင် အကာအကွယ် ပေးထားသလို သံတမန်တွေအနေနဲ့ သူတို့ တရားဝင်ထမ်းဆောင်ရမယ့် လုပ်ငန်းတွေနဲ့ မသက်ဆိုင်တဲ့အပြုအမူတွေကို ဆောင်ရွက်မယ်ဆိုရင်တော့ အဲဒီလို အကာအကွယ် ပေးမှုနဲ့ အကျုံးမဝင်ဖူးလို့ ပြဌာန်းထားပါတယ်။
အခုဖြစ်ပွားခဲ့တဲ့ ဒုချီရာတန်းရွာ ပြဿနာမှာ နိုင်ငံခြားသံတမန်တွေအနေနဲ့ ဗီယင်နာ သဘောတူညီချက်ကို ဘယ်လိုချိုးဖေါက်ခဲ့သလဲ ဆိုတာကိုတော့ မြန်မာ နိုင်ငံခြားရေးဌာရဲ့ ထုတ်ပြန်ချက်မှာ တစုံတရာ ဖေါ်ပြထားခြင်းမရှိပါဘူး။