ကုလ ဝန်ထမ်း ၃ ဦးကို ထောင်ဒဏ်စီရင်ချက်ချ
2012.08.27

အခုလို ထောင်ဒဏ် စီရင်ချက်ချမှတ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ မိမိတို့ အသေးစိတ် မသိရှိရသေးဘူးလို့ ရန်ကုန် ကုလသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ အဲတာကိုတော့ အတိအကျ မသိပါဘူးခင်ဗျ။ အဲဒီတရားရုံး ကြားနာတဲ့ အချိန်မှာလည်း UN က ဘယ်သူမှ မရှိတဲ့ အတွက် ကျွန်တော်တို့လည်း ဒီဟာကို အတိအကျမသိပါဘူး။ ဒီဟာအတွက်ကိုပဲ သက်ဆိုင်ရာကို ကျွန်တော်တို့ ပိုပြီး သတင်းသိရအောင် ကျွန်တော်တို့ မေးထားပါတယ်ခင်ဗျ။ ပြီးခဲ့တဲ့ အပတ်လောက်ကပေါ့၊ ကုလသမဂ္ဂ ဝန်ထမ်းတွေရော INGO ဝန်ထမ်းတွေရော တချို့လွှတ်ပေးလိုက်တဲ့ အတွက်ပေါ့လေ။ ကျွန်တော်တို့ဆီက Mr Ashok Nigam ကကြိုဆိုတဲ့ အကြောင်း ပြောသွားပါတယ်။ ကြေညာချက် ထုတ်ပါတယ်။ အလားတူပဲပေါ့နော်၊ ထိန်းသိမ်းဆဲ ရှိနေတဲ့ ဝန်ထမ်းတွေကိုလည်း ဒီလိုပဲ စဉ်းစားပေးဖို့ မေတ္တာရပ်ခံထားပါတယ်"
အခုပြစ်ဒဏ် ချမှတ်ခံရတဲ့ သူတွေကတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဝန်ထမ်း ၂ ဦးနဲ့ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ WFP က ဝန်ထမ်း ၁ ဦးတို့ ဖြစ်ပြီး ၃ ဦးစလုံးဟာ ရခိုင်ပြည်နယ်က ဖြစ်ပါတယ်။
UNHCR ဝန်ထမ်း မောင်ခင်မောင်နဲ့ WFP ဝန်ထမ်း မောင်ခင်ဆွေတို့ဟာ ညီအစ်ကိုတွေဖြစ်ပြီး သူတို့ကို တရားရုံး ထုတ်စစ်ဆေးရာမှာ မိမိတို့ဘက်က အကျိုးဆောင်ရှေ့နေ လိုက်ပါဆောင်ရွက်ခွင့် မရခဲ့ဘူးလို့ ညီဖြစ်သူ မောင်ခင်ဝင်းက ပြောပါတယ်။
"မိသားစုဝင်လည်း တက်ရောက်ခွင့်မရှိခဲ့ဘူး။ ကျွန်တော်တရားရုံးရဲ့ ဟိုပြူတင်းပေါက်နားကို သွားခဲ့ပါတယ်။ အဲဒီပြူတင်းပေါက်နားက အဲဒီတရားရုံးက လူတွေက ဖယ်ပေးပါဦး၊ နောက်ဆုတ်ပေးပါဦး ဆိုပြီးတော့ ကျွန်တော့်ကို နောက်ဆုတ်ခိုင်းပါတယ်။ အဲတာကြောင့် ကျွန်တော် ကြားလို့ မရခဲ့ပါ။ နောက်ပြီးတော့ ကျွန်တော့်မှာ ရှေ့နေလည်းမရှိခဲ့ပါ"
စီရင်ချက်ချခဲ့တဲ့ ပုဒ်မတွေကို အတိအကျ မသိရသေးပေမယ့် စွပ်စွဲခဲ့တဲ့ ပုဒ်မတွေကတော့ ဆူပူသွေးထိုး လှုံ့ဆော်မှု ၅၀၅ (ဂ)၊ ဓားလက်နက် ကိုင်ဆိုင်မှု ၁၅၃ (က) နဲ့ တရားမဝင် ငွေကိုင်ဆောင်မှု ၂၄/၁ ဖြစ်တယ်လို့ မောင်ခင်ဝင်းကပြောပါတယ်။ ဒီစွပ်စွဲချက် ပုဒ်မတွေနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိပဲ မတရား အစွပ်စွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ကုလသမဂ္ဂ ဝန်ထမ်း စုစုပေါင်း ၁၂ ဦးအနက် ၆ ဦးကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။