မောင်တောမြို့အနီးဝန်းကျင်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

RFA Burmese
2024.09.30
မောင်တောမြို့အနီးဝန်းကျင်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ လေးမိုင် နခခ-၂ စခန်း ဗုံးကြဲခံရပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် AA မှ ထုတ်ပြန်ထားစဉ်။
Screenshot: AA Info Desk - Telegram Video

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်နဲ့ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲ နခခ(၅) အနီးဝန်းကျင်က ရွာတွေကို စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်က ဗုံးအများအပြား ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချတာကြောင့် နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

မောင်တောမြို့မှာ စစ်ကောင်စီတပ်ရဲ့ နခခ (၅) တစ်ခုတည်းသာ ကျန်ရှိတော့ပြီး အဲဒီ နခခ(၅) အပါအဝင် မောင်တောမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တင်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါကြောင့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ အပြင်းအထန်ခုခံနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တောဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က မနက်ကတည်းကနေ နေ့လယ်ပိုင်းအထိ ဗုံးလာကြဲတာ။ မြို့ရဲ့ အဓိကနေရာတွေကို ကြဲတယ်။ မြစ်နားကမ်းက သူတို့စခန်းဟောင်းတွေကို ကြဲတယ်။ နခခ(၅)ရဲ့ အနီးဝန်းကျင်တွေကို ကြဲတယ်။ နေအိမ်တွေ မီးလောင်သွားတာရှိတယ်။ ဂျက်လေယာဉ်တွေနဲ့ တစ်စင်းပြီးတစ်စင်း ဗုံးလာကြဲတာ။ ဗုံးအရေအတွက်က အတော်များတယ်။ ထိခိုက်မှုအခြေအနေကိုတော့ မသိရဘူး"

တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေ အဓိက နေရာယူထားတဲ့ မောင်တောမြို့ အမှတ် (၂) ရပ်ကွက်အပါအဝင် နေရာအတော်များများကို ဗုံးကြဲချခဲ့တာဖြစ်ပြီး AA တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုတွေရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရပ်သားတွေကတော့ တိုက်ပွဲပြင်းထန်ချိန်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးနေကြပြီး မြို့ပေါ်မှာ အနည်းငယ်လောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

မောင်တောမြို့ပေါ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ လက်ရှိ မောင်တောတိုက်ပွဲအခြေအနေနဲ့ မနေ့က ဗုံးကြဲခံရမှုကြောင့် ထိခိုက်မှုအခြေအနေကို သိရဖို့ AA ပြောခွင့်ရ ဦးခိုင်သုခကို RFAက မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

ရခိုင်ပြည်နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း AA သိမ်းပိုက်ထားတဲ့ သံတွဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်းခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။