မောင်တောမှာ အာဆာ (ARSA) တိုက်ခိုက်မှုတွေ ရှိနေကြောင်း AA ပြော

RFA Burmese
2024.12.27
မောင်တောမှာ အာဆာ (ARSA) တိုက်ခိုက်မှုတွေ ရှိနေကြောင်း AA ပြော အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ် ဧပြီလလယ်ပိုင်းက တွေ့ရစဉ်။
Arakan Rohingya New Generation Organization via Facebook Photo

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့က အရပ်သားကားတစ်စီး တိုက်ခိုက်ခံရတာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးတယ်လို့ AA က ထုတ်ပြန်ပါတယ်။

မောင်တောမြို့ ကြိမ်ချောင်းကနေ တောင်ပြိုမြို့ကို ဈေးသွားဝယ်တဲ့ အရပ်သားကားတစ်စီးကို ARSA တပ်ဖွဲ့ဝင် ၂၅ ဦးခန့်က ချုံခိုပစ်ခတ်တိုက်ခိုက်တာကြောင့် ကားပေါ်မှာပါလာတဲ့ စေတနာ့ဝန်ထမ်းအမျိုးသမီးနဲ့ ဈေးဝယ် အမျိုးသမီး စုစုပေါင်း ၁၆ ဦးထဲက တစ်ဦး သေဆုံးသွားပြီး ဒဏ်ရာရသူတချို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရထားတဲ့ အမျိုးသမီးတွေကို ဆေးကုပေးပြီး တိုက်ခိုက်သွားတဲ့ ARSA တပ်ဖွဲ့ဝင်တွေကို လိုက်လံရှာဖွေနေတယ်လို့ AA က ပြောပါတယ်။

မောင်တောမြို့နယ်တစ်ခုလုံးကို ဒီဇင်ဘာလထဲမှာ AA က သိမ်းပိုက်ထိန်းချုပ်ထားပေမဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အဲဒီဒေသအခြေစိုက် မွတ်စလင် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလအတွင်းကလည်း တောင်ပြိုမြို့ကနေ စားသောက်ကုန်ပစ္စည်းတွေဝယ်ပြီး ပြန်လာတဲ့ အရပ်သားကားတစ်စီးကို ARSA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး နောက်ထပ် လေးဦးဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ARSA အဖွဲ့ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက် ရိုဟင်ဂျာတွေ အများဆုံးနေထိုင်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၁၃ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။