စစ်ကောင်စီတပ်မမှူးကို မောင်တောမှာ အသေဖမ်းမိကြောင်း AA ထုတ်ပြန်

RFA Burmese
2024.12.18
စစ်ကောင်စီတပ်မမှူးကို မောင်တောမှာ အသေဖမ်းမိကြောင်း AA ထုတ်ပြန် ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှ အပြီးသတ် သိမ်းပိုက်ပြီးနောက် တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
AA Info Desk

ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) က ထွက်ပြေးသွားတဲ့ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ - ၂၂) တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၇ ရက် နေ့လယ်ပိုင်းက မောင်တောမြို့နယ် ရွှေဇားကပ္ပကောင်းချောင်းအနီး ပုစွန်ကန်တဲထဲမှာ အသေဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူနဲ့အတူ အခေါက်ရွှေနဲ့ ရွှေထည်တချို့အပါအဝင် ငွေသား ကျပ်သိန်း ၈၀၀ ခန့် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီး အောင်နေမျိုးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ AA တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ရှာဖွေနေတာကြောင့် စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်မိပြီးနောက် သွေးထွက်လွန် သေဆုံးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဗိုလ်မှူးကြီးအောင်နေမျိုး အသေဖမ်းမိတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မောင်တောမြို့နယ် နခခ - ၅ စခန်းသိမ်းတိုက်ပွဲအတွင်း အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ် ဒီဇင်ဘာလ ၈ ရကနေ့က ဖမ်းဆီးရမိခဲ့ပါတယ်လို့ ဆိုပါတယ်။ နခခ-၅ ကို ဒီဇင်ဘာလ ၈ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်လုံး ထိန်းချုပ်နိုင်သွားပြီလို့ AA က ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။