ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးထား
2024.12.10

ရခိုင်ပြည်နယ် မောင်တောမြို့က အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ - ၅) စခန်းသိမ်းတိုက်ပွဲအတွင်း အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
AA က ဖမ်းဆီးရမိတဲ့အထဲမှာ ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေလင်းအောင်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အမြားနဲ့ RSO၊ ARSA၊ ARA အဖွဲ့ဝင်တွေ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထားပေမဲ့ အရေအတွက် ဘယ်လောက်ဖမ်းဆီးထားတယ်ဆိုတာ အသေးစိတ် ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။
ဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာလ ၈ ရက်နေ့က မောင်တောမြို့က နခခ-၅ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မောင်တောဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ အမ်း၊ တောင်ကုတ်၊ ဂွမြို့တွေက စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က ပြောပါတယ်။
ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတဲ့အပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်က မြို့နယ်ဆယ်တစ်မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။