လူဦးရေသုံးသန်း လူသားချင်းစာနာမှုအကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂထုတ်ပြန်

2021.09.28
လူဦးရေသုံးသန်း လူသားချင်းစာနာမှုအကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂထုတ်ပြန် ချင်းပြည်နယ် ထန်တလန်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ ဇွန် ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မြန်မာနိုင်ငံက လူဦးရေသုံးသန်းဟာ လူသားချင်းစာနာမှုအကူအညီနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ အကျပ် အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၂၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဒီအထဲမှာ ၂၀၂၁ ခုနှစ်အစကတည်းက လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်မှုအစီအစဉ်အရ အကူအညီ ပေးဖို့ သတ်မှတ်ထားတဲ့ ပဋိပက္ခဒဏ်ခံစားနေရသူ တစ်သန်းပါဝင်ပြီး ယာယီအရေးပေါ် အစီအစဉ်နဲ့ အကူ အညီလိုအပ်နေသူက နှစ်သန်းဖြစ်တယ်လို့ ဆိုပါတယ်။

UNOCHA အနေနဲ့ ၂၀၂၁ ခုနှစ်ထဲမှာ တိုးပွားလာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအတွက် ထိထိရောက်ရောက်ကူညီပေးနိုင်ဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့တွေထံ အမေရိကန်ဒေါ်လာ ၁၂.၄ သန်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်း အပါအဝင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသက ပြည်သူတွေအတွက် အရေးတကြီး အကူအညီနဲ့ အကာအကွယ်ပေးရေးလုပ်ငန်းတွေ လုပ်ဆောင်စေဖို့ဖြစ်တယ်လို့လည်း UNOCHA က ဆိုပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အကူအညီလိုအပ်နေသူတွေအတွက်လည်း အမေရိကန်ဒေါ်လာ ၃၃၀၀၀၀ ထပ်ဆောင်းပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလအထိ စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၀၀၈၀၀ ဦးရှိလာပြီဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စက်တင်ဘာလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း ဒုက္ခသည်အရေး လုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို မေးမြန်းပြီး RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ စက်တင်ဘာလ အစပိုင်းအထိ ခုနစ်လကျော်အတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း စတဲ့ တိုင်းရင်းသား ပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်းတို့မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် စုစုပေါင်း သုံးသိန်းနီးပါး ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။