မောင်တောမှာ ၄ လအတွင်း လူ ရာချီ သတ်ဖြတ်ခံရဖွယ်ရဖွယ်ရှိဟု ကုလပြော
2017.02.03

မြန်မာအစိုးရရဲ့ မောင်တောဒေသတဝိုက် နယ်မြေရှင်းလင်းရေးဆိုတဲ့ စစ်ဆင်ရေးမှာ ၄ လအတွင်းမှာ လူပေါင်းရာနဲ့ ချီပြီး သတ်ဖြတ်ခံလိုက်ရဖွယ်ရှိခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ အစီရင်ခံစာမှာ ဒီနေ့ဖော်ပြလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၄၀ ကိုမေးမြန်းစုံစမ်းပြီး ဒီအစီရင်ခံစာရေး လိုက်တာလို့ ဆိုပါတယ်။ ဒီလိုသတ်ဖြတ်မှုတွေကြောင့် လူသားဖြစ်တည်မှုကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုမြောက်နေမယ့် အနေအထားတွေ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီလိုမေးထားတဲ့ လူဦးရေရဲ့ ၄၇ ရာခိုင်နှုန်းမှာ သူတို့မိသားစုဝင်တွေဟာ စစ်ဆင်ရေးအတွင်း သတ်ဖြတ်ခံရ တယ်လို့ဆိုပြီး၊ ၄၃ ရာခိုင်နှုန်းရဲ့မိသားစုဝင်တွေမှာ အဓမ္မပြုကျင့်ခံရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။
ဒါကြောင့် အခုလိုလူ့အခွင့်အရေး ချိုးဖောက်မှုကြီးနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ ငြင်းချက်ထုတ်မယ့်အစား၊ အမြန်ဆုံးဖြေရှင်းရမယ်လို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Zeid က ပြောလိုက်ပါတယ်။
ဒီအတောအတွင်း ပါဆယ်ဗုံးတွေသတိထားဖို့ နေပြည်တော် ပြည်သူ့လွှတ်တော်မှာ သတိပေးထားတယ်လို့ တရုတ်ဆင်ဟွာ သတင်းတပုဒ်မှာ ဒီနေ့ဖော်ပြလိုက်ပါတယ်။
သတိပေးစာကို လွှတ်တော်က နံရံကပ်စာစောင်တွေကပ်တဲ့နေရာမှာ ပြထားတယ်လို့ ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေအကြံပေးကော်မတီဝင် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရပြီးတဲ့နောက် အခုလိုဆောင်ရွက်လာတာလို့လည်း သိရပါတယ်။