ကုလသမဂ္ဂ အကြီးအကဲတစ်ဦးရဲ့ ရခိုင်ပြည်က ပြောဆိုချက်
2012.12.06

မီးရှို့အကြမ်းဖက် ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကို မနေ့က ကိုယ်တိုင်သွားရောက်အပြီး ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ပြောဆိုရာမှာ သူ့အနေနဲ့ လက်ရှိ ရခိုင်ပြည်နယ်က အခြေအနေကို အထူးစိုးရိမ်မိကြောင်းလည်း ထည့်သွင်းပြောခဲ့ပါတယ်။
ဇွန်လနဲ့ အောက်တိုဘာလတွေကဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေကြောင့် လူပေါင်းတစ်သိန်းတစ်သောင်းကျော် အိုးအိမ်မဲ့ ဒုက္ခသည်တွေဖြစ်ခဲ့ရပြီး ဒုက္ခသည်စခန်းတွေရဲ့ အနေအထားဟာလည်း ရေသန့်စနစ်မရှိ၊ စာသင်ကျောင်းမရှိ၊ အပြင်ထွက်အလုပ်လုပ်ခွင့်မရှိတဲ့ဘဝတွေ ဖြစ်နေတယ်လို့ပြောပါတယ်။ မြေပုံမြို့နယ်မှာဆို ထောင်ပေါင်းများစွာရှိတဲ့ ဒုက္ခသည်တွေဟာ တနေရာတည်းမှာ ကြပ်ကြပ်သိပ်သိပ် နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေက လုံခြုံရေးအရ ခြိမ်းခြောက်ဟန့်တားတာတွေဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်လို့လည်း ထောက်ပြဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံကို ခရီးတထောက်ရောက်နေတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူညီပေးရေးဆိုင်ရာ လက်ထောက်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Ms. Amos ဟာ အခုခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုလည်း သွားရောက်ဖို့ရှိပါတယ်။