ကပ်ရောဂါ‌တုံ့ပြန်ရေး အားလုံးပါဝင်ဖို့ လိုအပ်နေပြီလို့ ကုလရုံးထုတ်ပြန်

2021.07.19
ကပ်ရောဂါ‌တုံ့ပြန်ရေး အားလုံးပါဝင်ဖို့ လိုအပ်နေပြီလို့ ကုလရုံးထုတ်ပြန် ရန်ကုန်မြို့ ရေဝေးသုဿန်တွင် လူမှုကူညီရေးအသင်းအဖွဲ့များမှ အရေးပေါ်ယာဉ်များကို ၂၀၂၁ ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

မြန်မာနိုင်ငံမှာ လက်ရှိ COVID-19 ဖြစ်ပွားမှုအခြေအနေဟာ တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ တိုင်းပြည်စီးပွားရေးကို အကြီးအကျယ် ထိခိုက်လာနေတဲ့ အတွက် ပုဂ္ဂိုလ်အဖွဲ့အစည်း အားလုံးပါဝင်တဲ့ ချဉ်းကပ်ဖြေရှင်းနည်းအသစ် ('whole of society' approach) နဲ့ တုံ့ပြန်ဆောင်ရွက်ဖို့ အရင်ထက် လိုအပ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဇူလိုင်လ ၁၉ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ COVID-19 ရောဂါပိုး စစ်ဆေးမှုတွေကို တစ်နေ့ကို ၁၂,၀၀၀ ကနေ ၁၅,၀၀၀ အတွင်းသာ ပြုလုပ်နိုင်သေးပြီး၊ ဇူလိုင်လ ၁၇ ရက် တစ်နေ့တည်းမှာတင် ရောဂါပိုးရှိသူ ၅၄၇၇ ဦး တွေ့ရှိခဲ့တဲ့အတွက် ရောဂါဖြစ်ပွားနှုန်း ၃၉.၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ကူးစက်နှုန်းမြန်တဲ့ Delta variant အပါအဝင် COVID-19 ဗိုင်းရပ်စ်မျိုးကွဲ အများအပြား တွေ့ရှိလာနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆေးဝါးပစ္စည်းနဲ့ လူအင်အား မလုံလောက်လို့ ဆေးရုံတွေမှာ လူနာကုတင်နဲ့ အောက်ဆီဂျင်တွေ အလုံအလောက် မရှိတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်များအဖွဲ့က အောက်စီဂျင်ပေးစက်တွေ၊ ဆေးဝါးပစ္စည်းကိရိယာတွေ ဝယ်ယူဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

WHO က ဦးဆောင်ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာ COVID-19 ကာကွယ်ဆေးထောက်ပံ့ရေး အစီအစဉ် (COVAX) အပါအ၀င် လမ်းကြောင်းအမျိုးမျိုးကတဆင့် ကာကွယ်ဆေးရရှိအောင် WHO, UNICEF နဲ့ ကုလသမဂ္ဂ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ နှစ်ဆတိုးပြီး ကြိုးပမ်းနေပြီလို့ ဆိုပါတယ်။ WHO ရဲ့ ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်အရ COVAX အစီအစဉ်ကတဆင့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနိုင်ဖို့ လျာထားတယ်လို့လည်း ဆိုပါတယ်။

လောလောဆယ်မှာ ကပ်ရောဂါကြောင့် ပြည်သူတွေ ကျန်းမာရေး၊ စီးပွားရေး အကြီးအကျယ် ထိခိုက်နေတဲ့အတွက် ကျန်းမာရေးဝန်ထမ်း အားလုံး ဘေးကင်းလုံခြုံမှုရှိရှိ အလုပ်လုပ်ခွင့်ရဖို့၊ ပုဂ္ဂလိက ကျန်းမာရေးကူညီစောင့်ရှောက်သူတွေ အကူအညီပေးခွင့် ပြုဖို့၊ အားလုံးပါဝင်တဲ့ ချဉ်းကပ် ဖြေရှင်းနည်းအသစ်နဲ့ ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။