နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ပြီလို့ ကုလထုတ်ပြန်

RFA Burmese
2024.05.04
နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ပြီလို့ ကုလထုတ်ပြန် စစ်ကြောင်းဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ခင်ဦးမြို့နယ်မှ ဒေသခံများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့သူ သုံးသန်းကျော် ရှိလာပြီလို့ မေလ ၄ ရက်နေ့မှာ ကုလသမဂ္ဂရုံးက ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်း ထွက်ပြေးလာသူအရေအတွက် သိသိသာသာ မြင့်တက်လာခဲ့တာလို့လည်း ဆိုပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းကစလို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရပြီး နိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတဲ့ အရပ်သားအရေအတွက်လည်း စံချိန်တင် မြင့်တက်ခဲ့တာလို့ ရေးသားထားပါတယ်။

ဒီနေရပ်စွန့်ခွာသူ ၃ သန်းထဲက ၂ သန်း ၇ သိန်းကျော်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး သုံးပုံတစ်ပုံက ပညာဆက်လက် မသင်ကြားနိုင်တဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက ချင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ အရပ်သား ၁ သန်း ၅ သိန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး အများဆုံးပမာဏအဖြစ် ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာတာကြောင့် နေရပ်စွန့်ခွာသူတွေလည်း ပိုမိုများလာတာလို့လည်း ရေးသားထားပါတယ်။

နေရပ်စွန့်ခွာသူတွေထဲက ၁ သန်း ၈ သိန်းဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပြီး ဒီအထဲက ခြောက်သန်းဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အရှေ့တောင်ပိုင်းမှာလည်း လူဦးရေ ၉ သိန်းကျော် အိုးအိမ်စွန့်ခွာနေရပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ လူပေါင်း ၃ သိန်း ၅ သောင်းကျော် အိုးအိမ်စွန့်ခွာနေရတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူတွေ အပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေသူအရေအတွက် ကိုးသိန်းခွဲနီးပါး ရောက်ရှိနေပြီလို့လည်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။