ကာကွယ်ဆေးထိုးလုပ်ငန်းညွှန်မှူး ဒေါက်တာထားထားလင်း ထောင်လေးနှစ် ထပ်ချခံရ

NLD အစိုးရလက်ထက် ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းကို စစ်ကောင်စီက ထောင်ဒဏ်လေးနှစ် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကိုပြောပါတယ်။
ဒေါက်တာထားထားလင်း စွပ်စွဲခံထားရတဲ့ မတရားအသင်း ဆက်သွယ်မှု ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၁၇ (၁) အတွက် ထောင်နှစ်နှစ်၊ ပုဒ်မ ၁၇ (၂) အတွက် ထောင်နှစ်နှစ်နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) အတွက် ထောင်ဒဏ် နှစ်နှစ်စီ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ စက်တင်ဘာလ ၂၉ ရက်နေ့က ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့ ပုဒ်မ ၁၇(၁)နဲ့ ၁၇(၂) နှစ်မှုအတွက် ပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် အဲ့ဒီနှစ်မှုပေါင်းအတွက် နှစ်နှစ်၊ ပုဒ်မ ၅၀၅(က) အတွက် နှစ်နှစ်၊ စုစုပေါင်း ထောင်ဒဏ်လေးနှစ် ထပ်မံချမှတ်ခံရတာ ဖြစ်ပါတယ်။
ဒေါက်တာထားထားလင်းကို ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ထားတာကြောင့် အခုထောင်ဒဏ်တွေနဲ့ပေါင်းရင် စုစုပေါင်း ထောင်ဒဏ် ခုနှစ်နှစ်ထိ ကျခံရဖို့ ရှိနေပါတယ်။
ဒေါက်တာ ထားထားလင်းဟာ စစ်တပ်က အာဏာသိမ်းပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းက အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လမှာ ဖမ်းဆီးခံရတာပါ။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာ ဒေါက်တာထားထားလင်းက ကိုဗစ်ကာကွယ်ရေးရန်ပုံငွေတွေကို စစ်တပ်လက်ထဲ မအပ်ဘဲ နိုင်ငံတကာကျန်းမာရေး အဖွဲ့တွေဆီ အကုန်ပြန်လွှဲပေးခဲ့တာကြောင့် စစ်ကောင်စီက သူ့ကို ဖမ်းဆီးအရေးယူတာ ဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးရေးလုပ်ငန်း စီမံချက် မန်နေဂျာအဖြစ် ဆောင်ရွက်ချိန် စစ်ကောင်စီရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိလို့ ဘဏ္ဍာငွေကျပ် ၁၆၁ ဒသမ ၁၉၈ သန်း နစ်နာဆုံးရှုံးခဲ့ရတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲပြီး ဒေါက်တာထားထားလင်းကို ဖမ်းဆီးခဲ့ပါတယ်။
စက်တင်ဘာ ၃၀ ရက် ဒီနေ့မှာတော့ ဒေါက်တာထားထားလင်းကို နေပြည်တော်အချုပ်ထောင်ကနေ မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်ကို ပြောင်းရွှေ့ပို့ဆောင်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။