ကိုဗစ်စစ်စရာမလိုဘဲ တရုတ်နိုင်ငံထဲ ဝင်ထွက်နိုင်ပြီ

RFA Burmese
2023.08.28
ကိုဗစ်စစ်စရာမလိုဘဲ တရုတ်နိုင်ငံထဲ ဝင်ထွက်နိုင်ပြီ ၂ဝ၁၉ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရသည့် တရုတ်-မြန်မာနယ်စပ် မန့်ဝိန်းဂိတ် မြင်ကွင်း။
RFA

တရုတ်နိုင်ငံကို ဝင်ထွက်သွားလာမယ့် ခရီးသွားတွေ လာမယ့် ဩဂုတ် ၃ဝ ရက်နေ့က စပြီး ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးဖို့ မလိုတော့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဝမ်ဝင်ပင်း (Wang Wenbin) က တနင်္လာနေ့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း တရုတ်နိုင်ငံကို ဝင်ထွက်သွားမယ့် ခရီးသွားတွေ ကိုဗစ်စစ်ဖို့ မလိုတော့တဲ့အပြင် တရုတ်ပြည် ဝင်၊ထွက်ခွင့် ကျန်းမာရေးကတ်မှာလည်း ဖြည့်ဖို့မလိုတော့ကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အသိပေးထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်တိုက်ဖျက်ရေးကို တင်းကျပ်တဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်ခဲ့ရာမှာ နိုင်ငံတွင်း ဝင်ထွက်သွားလာတာတွေကို ကန့်သတ်ချက်တွေ အများအပြား ရှိခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က ဝင်ထွက်သွားလာတာတွေကိုလည်း ၂၀၂၀ ပြည့်နှစ် မတ်လကစပြီး တရုတ်နိုင်ငံဘက်က ပိတ်ထားခဲ့ပါတယ်။

အချိန်သုံးနှစ်နီးပါး ပိတ်ထားပြီး နောက်မှာတော့ နှစ်နိုင်ငံကုန်သွယ်ရေးပြန်လည် တိုးမြှင့်နိုင်ရေးအတွက်ဆိုပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့ကစလို့ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသား ကုန်ကားမောင်းသူ တချို့ကို ကန့်သတ်ချက်တွေနဲ့ ပြည်ဝင်ခွင့် ပြန်ပေးခဲ့ပါတယ်။

ဝင်ခွင့်ပြန်ပေးရာမှာလည်း တရုတ်-မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ မူဆယ်နဲ့ နမ့်ခမ်းမြို့တွေမှာ နေထိုင်ကြောင်း သန်းခေါင်စာရင်းရှိသူတွေကိုပဲ တရုတ်နိုင်ငံအတွင်းဖြတ်သန်းခွင့် (Border Pass)စာအုပ်ထုတ်ပေးခဲ့တာပါ။

အဲဒီနှစ်မြို့ကလွဲပြီး ကျန်တဲ့ဒေသတွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ဒီနေ့အချိန်ထိ မူဆယ် နယ်စပ်ဂိတ်ကနေ ဝင်ထွက်သွားလာခွင့်မပေးသေးကြောင်း မူဆယ်မြို့ဒေသခံ ဦးကျော်သန်းက RFA ကို ပြောပါတယ်။

အခုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင်လိုက်တဲ့ ကိုဗစ်မူဝါဒအရ နယ်စပ်ဂိတ်တွေကနေ ဝင်ထွက်သွားလာမဲ့ ခရီးသွားတွေရော ပြန်လည်ခွင့်ပြုပေးသွားမလားဆိုတာကိုတော့ ထည့်သွင်းပြောဆိုခဲ့တာ မတွေ့ရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။