ကိုဗစ်ကြောင့် သေဆုံးသူ ဆက်တိုးနေ

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုနဲ့ ဒီရောဂါကြောင့် သေဆုံးမှုတွေ ပြန်ပြီးမြင့်တက်လာနေပါတယ်။
မနေ့က ကိုဗစ်ကြောင့် သေဆုံးသူ ၆ ဦး ရှိခဲ့ပြီး ရောဂါအတည်ပြုလူနာသစ် ၃၅၆၃ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အခုဆို ကိုဗစ်ရောဂါကြောင့် သေဆုံးသူပေါင်း မြန်မာနိုင်ငံမှာ ၁၉၃၄၄ ဦးနဲ့ အတည်ပြုလူနာစုစုပေါင်းက ငါးသိန်း ခုနှစ်သောင်းကျော် ရှိနေပြီလို့ ဆိုပါတယ်။
ပိုးတွေ့လူနာအများဆုံး ဒေသတွေက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ နေပြည်တော် ဖြစ်ပြီး ရန်ကုန်တိုင်းမှာ ရောဂါပိုးစစ်ဆေးမှုတွေကို ပိတ်ရက်မရှိ လုပ်ပေးနေတယ်လို့လည်း ကြေညာပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း အချက်အလက်တွေ စုဆောင်းဖို့ ခက်ခဲသွားတာကြောင့် ရောဂါကူးစက်မှုနဲ့ သေဆုံးမှု အရေအတွက်ဟာ စစ်ကောင်စီထိန်းချုပ်တဲ့ ကျန်းမာရေးဌာနက ကြေညာတာထက် လက်တွေ့မှာ ပိုများနေနိုင်တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ယူဆကြပါတယ်။