မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ထပ်တိုးလာ

အခုနှစ်ဆန်းကစလို့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုတွေ ပြန်ပြီး မြင့်တက် လာနေပါတယ်။ မနေ့က ၂၄ နာရီအတွင်း ကိုဗစ် အတည်ပြုလူနာသစ် ၁၅ဝဝ ကျော် တွေ့ရှိပြီး သေဆုံးသူ တစ်ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်တဲ့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် ည၈နာရီကနေ ၁၄ ရက် ည ၈ နာရီအတွင်း စစ်ဆေးချက်အရ အတည်ပြုလူနာ ၁၅၈၆ ဦး ရှိတယ်လို့ မနေ့ညက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ကျန်းမာရေးဌာနရရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ငါးသိန်း လေးသောင်း ရှစ်ထောင်ကျော်နဲ့ သေဆုံးသူပေါင်း ၁၉၃၁၁ ဦး ရှိပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ အများဆုံးတွေ့တာက ရန်ကုန်တိုင်းမှာ ၆၇၆ ဦး၊ ဧရာဝတီတိုင်းမှာ ၁၃၉ ဦးနဲ့ ကရင်ပြည်နယ်မှာ ၉၉ ဦးလို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စာရင်းကောက်ယူဖို့ ခက်ခဲသွားတာကြောင့် ရောဂါ ဖြစ်ပွားမှုနဲ့ကူးစက်မှုအရေအတွက်တွေဟာ စစ်ကောင်စီ ထိန်းချုပ်တဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေထက် ပိုပြီးများနိုင်တယ်လို့ လူမှုကူညီရေး သမားတွေက ခန့်မှန်းကြပါတယ်။