ဒေါက်တာ ထားထားလင်းနဲ့ ဒေါက်တာ စိုးဦး အယူခံမှု တရားလွှတ်တော်ချုပ် ပယ်ချ

2022.06.17
ဒေါက်တာ ထားထားလင်းနဲ့ ဒေါက်တာ စိုးဦး အယူခံမှု တရားလွှတ်တော်ချုပ် ပယ်ချ NLD အစိုးရလက်ထက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းကို ၂၀၂၀ ခုနှစ်အတွင်းက တွေ့ရစဉ်
ဓာတ်ပုံ - ကျန်းမာရေးဝန်ကြီးဌာန

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရတဲ့ NLD အစိုးရလက်ထက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦးတို့ရဲ့ အယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က ပယ်ချ ခဲ့ကြောင်း တရားလွှတ်တော်ချုပ်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

NLD အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုအစီအစဉ်မှာ ဦးဆောင်ခဲ့သူ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၆ အရ အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၆/၆၃ အရ အလုပ်နဲ့ ထောင်ဒဏ် နှစ်နှစ် ကျခံဖို့ မန္တလေးတိုင်း တရားလွှတ်တော်က ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က အမိန့်ချမှတ်ထားတာပါ။

စစ်ကောင်စီလက်ထက်မှာ ဘယ်နိုင်ငံရေးအမှုမဆို အယူခံတက်လို့နိုင်တာ မတွေ့ရဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ထောက်ပြပြောပါတယ်။

"ဒီလို အမှုတွေက နိုင်ငံရေးမှု ဖြစ်သွားပြီ။ သူတို့ကိုလည်း ဆန့်ကျင်ရာ ရောက်သွားပြီ။ အဲဒီတော့ နိုင်ငံရေးအမြင်နဲ့ အမိန့်ချတာပေါ့။ ဒီလို အမှုမျိုးကို ဘယ်တရားသူကြီးကမှ မတို့ရဲ၊ မထိရဲဘူး။ မျက်နှာလိုအားရ လုပ်မယ့်သူတွေချည်းပဲ။ အပေါ်အဆင့်ဆင့်မှာ လည်း အဲလို တရားသူကြီးတွေက အဲလိုတွေချည်းပဲ။ အချုပ်ပြောရရင် တို့နိုင်ငံမှာက တရားစီရင်ရေးက ပျက်နေပြီ"

ဒေါက်တာ ထားထားလင်းဟာ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ Global Alliance for Vaccines and Immunization-Health System Strengthening လုပ်ငန်းမှာ စီမံချက် မန်နေဂျာအဖြစ် ဆောင်ရွက်တဲ့အခါမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိလို့ ဘဏ္ဍာငွေကျပ် ၁၆၁ ဒသမ ၁၉၈ သန်းကို နစ်နာဆုံးရှုံး ခဲ့ရတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။

ကိုဗစ် ထိန်းချုပ်နိုင်ရေး စီမံချက်အရာရှိအဖြစ် ဆောင်ရွက်နေစဉ်မှာ စစ်တပ်က အာဏာ သိမ်းလိုက်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ရရှိထားတဲ့ သူ စီမံခန့်ခွဲနေရတဲ့ ရန်ပုံငွေ တွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း နှစ်ခုဆီကို ဒေါက်တာ ထားထားလင်းက အကုန် ပြန်အပ်ခဲ့တာကြောင့် စွပ်စွဲခံရတာပါ။

အလားတူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦးကတော့ ဒေါက်တာ ထားထားလင်းရဲ့ ဆောင်ရွက်မှုမှာ ကြီးကြပ်စစ်ဆေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိမှုနဲ့ အမိန့်ချခံထားရတာပါ။

ဇွန်လ ၁၆ ရက် မနေ့ကလည်း အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံထားရတဲ့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ဝင်ဟောင်း၊ လျှပ်စစ် စက်မှု လမ်းပန်းဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဒေါ်နီလာကျော်ရဲ့ အမှုကိုလည်း ပြည်ထောင်စု တရားလွှတ်တော် ချုပ်က ပယ်ချခဲ့ပါတယ်။

ဒေါ်နီလာကျော်ဟာ သူတာဝန်ယူနေစဉ်ကာလမှာ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အစိုးရ တင်ဒါလုပ်ငန်း အရည်အသွေးစစ်ဆေးရေးလုပ်ငန်းတွေမှာ သူနဲ့ ရင်းနှီးတဲ့ ကုမ္ပဏီတစ်ခုကို အရည်အသွေး ထိန်းချုပ်စစ်ဆေးနိုင်တဲ့ ကုမ္ပဏီအဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခဲ့လို့ အဲဒီကုမ္ပဏီက ကျပ်သိန်း ၁၆,၆၀၀ ကျော် ရရှိသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ ပါတယ်။

ဒေါ်နီလာကျော်ဟာ ၂ဝ၁၇ ခုနှစ် မတ်လကနေ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာကျပ် ငွေ သိန်းပေါင်း ၃၆ဝဝ ကျော် လက်ခံရယူခဲ့လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၅ ကို ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲချက်တင်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လအထိ NLD ပါတီခေါင်းဆောင်တွေအပါအဝင် NLD အစိုးရလက်ထက် က တာဝန်ယူခဲ့သူတွေ အဂတိမှုနဲ့ တရားစွဲဆိုခံနေရတာ ၇၀ ဦးအထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။