ကိုဗစ်ကာကွယ်ဆေး စီမံချက် မန်နေဂျာ ဒေါက်တာ ထားထားလင်း အဂတိအမှုနဲ့ တရားစွဲခံရ

ဇွန်လ ၁၀ ရက်နေ့ကစပြီး အဖမ်းခံထားရတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာ ဒေါက်တာ ထားထားလင်း နဲ့ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ စိုးဦး တို့ကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲတာ ခံထားရပါတယ်။
ဒေါက်တာ ထားထားလင်းနဲ့ ဒေါက်တာ စိုးဦး တို့ကို ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ ဘဏ္ဍာငွေ နစ်နာဆုံးရှုံးခဲ့တာတွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲမယ်လို့ ဒီဇင်ဘာ ၁ ရက် ဒီနေ့ထုတ် စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) နဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ (UNICEF) က ထောက်ပံ့တဲ့ ကိုဗစ် ရန်ပုံငွေထဲက လက်ကျန်ကို ငွေစာရင်းခေါင်းစဉ်ပြောင်းသုံးစွဲဖို့ ဇန်နဝါရီ ၂၆ ရက်မှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တင်ပြခဲ့ပါတယ်။
လက်ကျန်ငွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ စစ်တပ်အာဏာသိမ်းထားတဲ့အချိန်မှာ ဒေါက်တာ ထားထားလင်း က UNICEF အကောင့်ဆီ ပြန်လွှဲခဲ့တာမို့ တစ်ခြားနေရာတွေမှာ ဘဏ္ဍာငွေသုံးစွဲခွင့် ငွေကျပ် သန်းနဲ့ချီပြီး နစ်နာ ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက အဲဒီနစ်နာတဲ့ ဘဏ္ဍာငွေကို ဖော်ပြရာမှာ ငွေကျပ် ၁၆၁ ဒဿမ ၁၉၈ သန်း ဆိုပြီးတစ်ခါ နောက်တစ်ပိုဒ်မှာ ကျပ် ၁၆၈ ဒဿမ ၁၉၈ သန်း ဆိုပြီး နောက်တစ်ခါ ဖော်ပြထားတဲ့အတွက် ဒီနေ့ သတင်းစာထဲ အဲဒီအကြောင်းဖော်ပြထားရာမှာ ငွေကြေးပမာဏ ကွဲလွဲမှုတွေရှိနေတာ တွေ့ရတယ်လို့ ရန်ကုန်မြို့နေ တစ်ဦးက ထောက်ပြပါတယ်။
ကိုဗစ်ရန်ပုံငွေ လက်ကျန်ကို မထိန်းသိမ်းလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါက်တာ ထားထားလင်း ကို တရားစွဲသလို ဒေါက်တာ စိုးဦး ကိုလည်း ဒီဘဏ္ဍာငွေကို ကြီးကြပ်စစ်ဆေးဖို့ တာဝန်ပျက်ကွက်တာကြောင့်ဆိုပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။
ဒေါက်တာ ထားထားလင်း ကို အမြင့်ဆုံး ထောင် ၁၀ နှစ် ချမှတ်နိုင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၆၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦး ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၆/၆၃ နဲ့ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်ကစလို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ဒေါက်တာ ထားထားလင်းနဲ့ သူ့အမျိုးသား ဦးညီညီအောင်၊ အသက် ၇ နှစ်အရွယ် သူ့သားတို့ကို ဇွန်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးထားခဲ့ပါတယ်။