စစ်ကောင်စီထံ လက်နက်စီးဆင်းနေတာကို ရပ်တန့်ဖို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း

RFA Burmese
2023.12.06
စစ်ကောင်စီထံ လက်နက်စီးဆင်းနေတာကို ရပ်တန့်ဖို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသည့် ကုလလူ့အခွင့်အရေးကောင်စီညီလာခံ တက်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး။
AFP

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာချိန်မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက စစ်အာဏာရှင်တွေထံ လက်နက်စီးဆင်းမှုတွေကို ရပ်တန့်ပစ်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေမှာ စစ်အာဏာရှင်တွေ အသုံးပြုနေတဲ့ လက်နက်စီးဆင်းမှုတွေကို ရပ်တန့်ပစ်ဖို့နဲ့ မြန်မာနိုင်ငံမှာ အပြင်းအထန်ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြား အန္တရာယ်ရှိတဲ့ အသက်တွေကို ကယ်တင်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တွမ်အင်ဒရူးက နိုဝင်ဘာလ ၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့တာပါ။

“ကျွန်တော်တို့ အချိန်ဖြုန်းလို့မရပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ မြန်မာနိုင်ငံတစ်ဝန်းမှာ လူဦးရေ နှစ်သိန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်” လို့ သူက ပြောပါတယ်။

“စစ်တပ်ဟာ တည်ငြိမ်ရေး ဒါမှမဟုတ် စည်းလုံးညီညွတ်တဲ့ အင်အားစုအဖြစ် လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အယူအဆမှန်သမျှကို ရပ်တန့်ထားသင့်တယ်။ အမှန်တရားက အဲဒါနဲ့ ဆန့်ကျင်ဘက်ပါပဲ။ စစ်အစိုးရက ပရမ်းပတာနဲ့ အကြမ်းဖက်မှုတွေကို လုပ်နေသူသာ ဖြစ်တယ်။ စစ်တပ်ရဲ့ ညှာတာမှုကင်းတဲ့ တိုက်ခိုက်မှုတွေနဲ့ များပြားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အတိုက်အခံတွေက ပူးပေါင်းသွားစေတယ်” လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်းမှာ မဟာမိတ်တပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေကို ထိန်းချုပ်နိုင်ခဲ့သလို တခြားဒေသတွေမှာလည်း အတိုက်အခံအင်အားစုတွေဟာ စစ်ရေးအောင်ပွဲတွေ ရရှိခဲ့တယ်လို့ တွမ်အင်ဒရူးက ပြောပါတယ်။

စစ်အစိုးရဟာ အရပ်သားတွေကို တိုက်ခိုက်တာနဲ့ လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဟန့်တားတဲ့နည်းနဲ့ စစ်ဘက်ဆိုင်ရာ ဆုံးရှုံးမှုတွေကို အမြဲလိုလို တုံ့ပြန်လေ့ရှိတယ်လို့လည်း သူက ထောက်ပြပါတယ်။

တိုက်ပွဲတွေနဲ့ ဆက်စပ်လို့ လူ့အခွင့်အရေးကိုယ်စားလှယ်က တောင်းဆိုရာမှာ အရပ်သားတွေကို တိုက်ခိုက်တာမျိုး မလုပ်ဖို့နဲ့ စစ်သုံ့ပန်းတွေကို လူသားဆန်စွာ ဆက်ဆံပြီး ဆေးဝါးကုသခွင့်ပေးဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ရွာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဒုက္ခသည်စခန်းတွေကို တိုက်ခိုက်နေတဲ့ စစ်အစိုးရရဲ့ ဂျက်လေယာဥ်နဲ့ ရဟတ်ယာဉ်တွေကို မြေပြင်ကနေ ပစ်ကူပေးနိုင်ဖို့ အစီအမံတွေလုပ်ဖို့နဲ့ စစ်အစိုးရရဲ့ လေယာဉ်ဆီ သုံးစွဲခွင့်ကို ဖြတ်တောက်ဖို့က အဓိကကျနေတယ်လို့ သူက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။