စစ်ကောင်စီနဲ့ဆက်ဆံတာ ရပ်ဆိုင်းဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း
2024.03.20

စစ်မြေပြင်မှာ ကျရှုံးပြီး ပြည်သူတွေ ဆန့်ကျင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကြုံနေရတဲ့ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပိုမိုတိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာက အားပိုကောင်းတဲ့ ဟန်ချက်ညီ အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး (Tom Andrews)က မတ်လ ၂၀ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေကို စိတ်ကျေနပ်အောင် လက်ခံပြီး ထိတွေ့ဆက်ဆံနေတာတွေကိုလည်း ခြွင်းချက်မရှိ ချက်ချင်းရပ်တန့်ဖို့လည်း မစ္စတာ တွမ်အင်ဒရူးက တောင်းဆိုပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေဟာ ပိုအထီးကျန်ပြီး ဆောက်တည်ရာမရ ဖြစ်လာတာနဲ့အမျှ အလွန်မှလည်း အန္တရာယ်ရှိလာပြီး၊ ပြီးခဲ့တဲ့ ငါးလအတွင်းမှာ အရပ်သား ပြည်သူတွေကို ငါးဆတိုး တိုက်ခိုက်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မိန့်ခွန်းပြောရာမှာ မစ္စတာ တွမ်အင်ဒရူးက ပြောသွားပါတယ်။
မြန်မာစစ်တပ်က စစ်မှုထမ်းဥပဒေကျင့်သုံးဖို့ ကြိုးပမ်းတာဟာ လူငယ်တွေကို တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖို့ တွန်းပို့နေပြီး၊ မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းသွားလာခွင့်မရှိတဲ့ ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထား ပိုမိုတိုက်ခိုက်လာနေတယ်လို့ သူက ပြောပါတယ်။
ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံက ကျန်တဲ့ ပြည်သူတွေနဲ့ မတူဘဲ ဘေးလွတ်ရာကို ရွှေ့ပြောင်းသွားလာခွင့်မရှိတဲ့အတွက် ပိုပြီး ထိခိုက်လွယ်တဲ့အကြောင်း၊ ရိုဟင်ဂျာလူငယ်တွေဟာ သူတို့ကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်တပ်ကို ဝင်ရောက်ပြီး ဖော်မပြနိုင်အောင် ဆိုးဝါးတဲ့ လုပ်ရပ်တွေ ကျူးလွန်ဖို့ ဖိအားပေးခံနေရတဲ့အကြောင်းလည်း မစ္စတာတွမ်အင်ဒရူးက ပြောပါတယ်။
မြန်မာစစ်တပ်အတွက် ဝင်ငွေနဲ့ လက်နက်တွေ ဖြတ်တောက်ဖို့ ကြိုးပမ်းရာမှာ ပါဝင်တဲ့နိုင်ငံတွေကို ကြိုဆိုတဲ့အကြောင်း၊ အထူးသဖြင့် စင်ကာပူ အခြေစိုက် ကုမ္ပဏီတွေက တစ်ဆင့် မြန်မာစစ်တပ်အတွက် လက်နက်တွေ ဝယ်ယူနေတာကို စုံစမ်းစစ်ဆေးခဲ့တဲ့ စင်ကာပူ အစိုးရကိုလည်း ချီးကျူးကြောင်း မစ္စတာ တွမ်အင်ဒရူးက ပြောသွားပါတယ်။
နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို အရပ်ဖက်အဖွဲ့အစည်းတွေက တစ်ဆင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးကြဖို့နဲ့ ကုလသမဂ္ဂအနေနဲ့လည်း အမျိုးသားညီညွတ်ရေး အစိုးရ NUG၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့တွေကို တရားဝင် ထိတွေ့ ဆက်ဆံပြီး၊ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်ရာမှာ ကူညီကြဖို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။