ရန်ကုန်ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းမှု လုံးဝလက်မခံနိုင်ကြောင်း ကုလ တုံ့ပြန်

2021.12.05
ရန်ကုန်ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းမှု လုံးဝလက်မခံနိုင်ကြောင်း ကုလ တုံ့ပြန် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေကို ၂၀၂၁၊ ဒီဇင်ဘာ ၅ ရက်နေ့က အကြမ်းဖက်ဖြိုခွင်းခဲ့စဉ်
Photo: STR/ AFP

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာ မနေ့က ဆန္ဒပြသူတွေကို စစ်ကားနဲ့တိုက်ပြီး သေနတ်တွေနဲ့ ပစ်ခတ် ဖြိုခွင်းမှုဟာ လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံရုံးက ညှိနှိုင်းဆောင်ရွက်ရေးမှူး Ramanathan Balakrishnan က မနေ့ကပဲ ကြေညာချက် ထုတ်ပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်၊ လက်နက်မဲ့ ပြည်သူတွေအပေါ် အခုလိုအကြမ်းဖက်တဲ့သူတွေကို ဖော်ထုတ်အရေးယူ မှဖြစ်မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ မနေ့က မနက်ပိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ လူအုပ်ကို စစ်ကားတစ်စီးက အနောက်ကနေ အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့လို့ သေဆုံးသူ ငါးဦးထက်မနည်း ရှိပြီး အဖမ်းခံရသူတွေလည်း အနည်းဆုံး ၁၅ ဦး ရှိတယ်လို့ မြန်မာပြည်တွင်းကလာတဲ့ သတင်းတွေကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။ မနက်ပိုင်းမှာ ဆန္ဒပြပွဲအခုလို အကြမ်းဖက်ဖြိုခွင်း ခံခဲ့ရပေမယ့် နေ့လယ်ပိုင်းမှာ နောက်ထပ် ဆန္ဒပြပွဲတစ်ခု ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ကြပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသတ်ခံရသူပေါင်း ၁၃ဝဝ ကျော် ရှိနေပေမယ့်လည်း ဆန္ဒပြမှုတွေက မနေကအထိ ဆက်ပြီး ရှိနေတုန်းပါပဲ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကလည်း လက်နက်မပါဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒပြနေသူတွေကို လူမဆန်ဘဲ ရက်ရက်စက်စက် သတ်ဖြတ် တဲ့ အကြမ်းဖက်စစ်တပ်ကို ပြင်းပြင်းထန်ထန် ပြန်ပြီးတုံ့ပြန်သွားမယ်လို့ မနေ့က ကြေညာချက် ထုတ်ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကလည်း ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွဲခံရတဲ့သတင်းကြောင့် ထိပ်လန့် တုန်လှုပ်မိတယ်လို့ မနေ့ကပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်က ရက်ရက်စက်စက် အကြမ်းဖက်မှု တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတာဟာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို မီးမောင်း ထိုးပြနေတယ်။ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေနဲ့ အမေရိကန်က အတူ ရပ်တည်နေတယ်၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုတယ်လို့ အမေရိကန်သံရုံးရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Lin
2021-12-05 22:44

Very good lip service!