မုန်လိုင်ခက် ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှု စိုးရိမ်ကြောင်း ကုလပြောကြား
2023.10.10

Updated: 1:24 AM, Oct 10
ကချင်ပြည်နယ်က IDP ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူများစခန်း လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့အတွက် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သားတွေ သေကြေ၊ ထိခိုက်ဒဏ်ရာရတာကို အထူးစိုးရိမ်ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးက ဒီနေ့ပြောကြားလိုက်ပါတယ်။
IDP စခန်းတွေဟာ ဒုက္ခသည်တွေနဲ့ အရပ်သားတွေခိုလှုံရာနေရာတွေဖြစ်ပြီး ဘယ်နေရာမှာရှိရှိ ပစ်မှတ်မဖြစ်သင့်ဘူးလို့ UN Myanmar လူမှုကွန်ရက်မှာ ရေးသားပါတယ်။
UNICEF Myanmar မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ကလည်း လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို လေကြောင်းက တိုက်ခိုက်တဲ့အတွက်ကြောင့် အပြစ်မဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေ သေဆုံးရကြောင်း ကြားသိရတဲ့အတွက် UNICEF အနေနဲ့ များစွာ ထိတ်လန့်ဝမ်းနည်းရမိပါတယ်လို့ Facebook လူမှုကွန်ရက်မှာ ရေးသားပါတယ်။
အဲဒီ လက်ခံနိုင်စရာအကြောင်းပြချက်လုံးဝမရှိတဲ့ တိုက်ခိုက်မှုလုပ်ရပ်ဟာ ကျပ်တည်းတဲ့ အခြေအနေ ကာလတွေမှာ ထိခိုက်နစ်နာလွယ်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီးလိုအပ်ကြောင်း မီးမောင်းထိုးပြနေပါတယ်လို့ ရေးသားပါတယ်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်တိုင်း လုံခြုံစိတ်ချရပြီး စိုးရိမ်ကြောင့်ကြမှုကင်းဝေးတဲ့ ပတ်ဝန်းကျင်တွေမှာသာ ရှင်သန်ကြီးပြင်းရပါမယ်လို့ UNICEF က ပြောပါတယ်။
မိမိတို့သားသမီးတွေနဲ့ မိသားစုတွေ ဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်ပြည်သူတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရ ကြောင်းနဲ့ ကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူတွေဟာ မည်သည့်အခါမှ အကြမ်းဖက်တိုက်ခိုက်ခြင်းရဲ့ ပစ်မှတ်တွေ မဟုတ်ကြောင်းလည်း တစ်ဆက်တည်း ရေးသားထားပါတယ်။
အရှေ့တီမော သမ္မတ Jose Romos-Horta ကလည်း သူ့လူမှုကွန်ရက် Facebook မှာ မြန်မာစစ်တပ်ဟာ သူ့ပြည်သူတွေ၊ အရပ်သားတွေ၊ အမျိုးသမီးနဲ့ ကလေးတွေကို သတ်ဖြတ်နေပြီး ပြစ်ဒဏ်က လုံးဝလွတ်မြောက်နေတယ်လို့ ရေးသားထားပါတယ်။ ကချင်ပြည်နယ် KIO/KIA ဌာနချုပ်နားမှာရှိတဲ့ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာ ၉ ရက် ညသန်းခေါင်မှာ စစ်ကောင်စီတပ်က လေကြောင်းက ပစ်ခတ်တဲ့အတွက် သေကြေပျက်စီးနေတဲ့ ဓာတ်ပုံတွေကိုလည်း သူ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။