ကုန်သွယ်ရေး ကဏ္ဍကို ယခင်ထက် သုံးဆ ဖွံ့ဖြိုးအောင် လုပ်မည်
2016.04.23

အစိုးရသစ်လက်ထက် ငါးနှစ်တာကာလမှာ ကုန်သွယ်ရေးကဏ္ဍကို အရင်ထက်သုံးဆ ဖွံ့ဖြိုးတိုးတက်အောင်ဆောင် ရွက်သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောပါတယ်။
"ဒီလိုပူးပေါင်းဆောင်ရွက်ခြင်းဟာ ရေရှည်မှာတော့ ၅ နှစ်ကာလအတွင်းမှာတော့ အနည်းဆုံး ဒီကုန်သွယ် မှုဟာသုံးဆလောက်တက်အောင်လုပ်ဖို့ဆိုရင်တော့ ဘာပဲဖြစ်ဖြစ်၊ ဝန်ကြီးဌာနများသော်လည်းကောင်း၊ ကုန်သည်ကြီးများသော်လည်းကောင်း တာဝန်ကိုယ်စီရှိတယ်ဆိုတာ သဘောပေါက်ပြီးတော့ ပြည်သူ အတွက် ညီညီညွတ်ညွတ်နဲ့ လက်တွဲဆောင်ရွက်ကြပါလို့ ကျနော်ပြောချင်ပါတယ်"
ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ဒီနေ့ ကျင်းပတဲ့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေ၊ တခြားစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပထမဆုံး တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် က ပြောတာဖြစ်ပါတယ်။
အစိုးရသစ်အနေနဲ့ လုပ်ငန်းအတော်များများကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပဲ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဥပဒေအတိုင်း လုပ်ကိုင်နိုင်အောင် ထိန်းကျောင်းပေးသွားမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စီးပွား/ကူးသန်း ဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြအကြံပြုဖို့လည်း ပြောခဲ့ပါတယ်။
တွေ့ဆုံပွဲကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ၊ စက်မှု လက်မှု လုပ်ငန်းရှင်တွေနဲ့ ရေလုပ်ငန်းရှင်တွေ တက်ရောက်ပြီး ပို့ကုန် သွင်းကုန်ကဏ္ဍမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။