ရခိုင်အရေး ဖိအားပေးမှုတွေကြောင့် ဖွံ့ဖြိုးမှုအပေါ် ထိခိုက်မှု ရှိနိုင်ကြောင်း UMFCCI ဒုတိယ ဥက္ကဋ္ဌ ပြော


2018.10.03
dr-maungmaunglay-622 မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး ကို တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေး ထိခိုက်မှု အတော်များများ ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက RFA ကို ပြောပါတယ်။

ရခိုင်အရေးမှာ  မြန်မာနိုင်ငံရဲ့ ပုံရိပ် ကျဆင်းခဲ့ပြီး နိုင်ငံတကာမှာ မျက်နှာပန်းမလှ ဖြစ်ခဲ့ပေမယ့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ဒီအခက်အခဲကို ကျော်လွှာနိုင်ဖို့ ကြိုးစားနေကြောင်း ဒေါက်တာ မောင်မောင်လေးကို RFA က သီးသန့်တွေ့ဆုံမေးမြန်းရာမှာ အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက်ကတော့ အနည်းငယ်တောင် မဟုတ်ပါဘူး။ တော်တော် များများ ရှိနိုင်ပါတယ်။ နိုင်ငံအတွက်ကတော့ ပုံရိပ်ကတော့ နိုင်ငံတကာမှာ မျက်နှာပန်းမလှဘူးပေါ့နော်။ တခြား လုပ်ငန်းအနေနဲ့ကတော့ မြန်မာနိုင်ငံက ဘက်စုံက ခံနိုင်ရည်ရှိပါတယ်။ ဒါကိုကျော်ဖြတ်ပြီးတော့ တနည်းနည်း တဖုံဖုံနဲ့ အသက်ရှင်ရပ်တည်ပြီးတော့ ရှေ့ဆက်သွားပြီးတော့ လုပ်နိုင်စွမ်းအား ရှိကြပါတယ်။ ဒီတခါလည်း ကျော်လွှားနိုင်လိမ့်မယ်လို့ အန်ကယ်လ်တို့ မျှော်လင့်ပါတယ်။ ဒါကတော့ တမဟုတ်ချင်း ပြီးသွားမယ့်ဟာ မဟုတ်ပါဘူး။ နှစ်ရှည်လများ ကြာမယ့်အတွက် အကုန်လုံးကတော့ ပြင်ဆင်ထားဖို့ သင့်ပါတယ်"

မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြှုပ်နှံသူတွေ နောက်ထပ် လာရောက်မှုမရှိပေမယ့် ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ အပိုင်းမှာတော့ ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

တပ်မတော်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ လုပ်လာသလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ချီးမြှင့်ထားတဲ့ ဆုတွေကိုလည်း ပြန်လည်ရုပ်သိမ်းတာတွေ ရှိလာပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတဲ့အတွက် တပ်မတော် ခေါင်းဆောင်တွေ ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ တရားစွဲဆိုဖို့  ကြိုးပမ်းနေတာတွေလည်း ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။