UMFCCI ဗဟိုအလုပ်အမှုဆောင် ၆၄ ဦးကို အမည်ပျက်စာရင်းသွင်းကြောင်း NUG ကြေညာ

RFA Burmese
2024.01.30
UMFCCI ဗဟိုအလုပ်အမှုဆောင် ၆၄ ဦးကို အမည်ပျက်စာရင်းသွင်းကြောင်း NUG ကြေညာ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အဖွဲ့ဝင်များနှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။
UMFCCI

စစ်ကောင်စီနဲ့ပေါင်းပြီး အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုက်ရိုက်လုပ်ဆောင်နေတဲ့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၆၄ ဦးကို အမည်ပျက်စာရင်းသတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကြေညာပါတယ်။

အဲဒီလုပ်ငန်းရှင်တွေဟာ စစ်ကောင်စီနဲ့ အကျိုးစီးပွားပတ်သက်ဆက်နွယ်မှုမရှိတော့ကြောင်း ခံဝန်ချက်ကို ရက်ကိုးဆယ်အတွင်း (NUG) ထံမှာ အယူခံလွှာတင်သွင်းရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အယူခံမဝင်ဘဲ (UMFCCI) မှာ ဆက်လက်ပါဝင်လုပ်ကိုင်သူတွေကို စစ်ကောင်စီထောက်ပံ့ကူညီနေသူတွေအဖြစ် သတ်မှတ်ပြီး "တည်ဆဲအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ" တွေနဲ့ အရေးယူမယ်လို့လည်း ဆိုပါတယ်။

အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် တစ်ဦးကတော့ လုပ်ငန်းရှင်တွေကို အမှန်တကယ် အရေးယူနိုင်ရင်တော့ အလုပ်သမားတွေ အခွင့်အလမ်း သာလာနိုင်တယ်လို့ RFA ကိုပြောပါတယ်။

"အများစု လုပ်ငန်းရှင်သူဌေးတွေက ဥပဒေကို အရေးလုပ်တာမဟုတ်ဘူး။ အလုပ်သမားဝန်ကြီးဌာနကို အိတ်ကပ်ထဲထည့်ထားပြီး ရဲနဲ့ စစ်တပ်ကို လက်ဝါးရိုက်ထားကြတာ။ အလည (အလုပ်သမားညွှန်ကြားရေးဦးစီးဌာန)၊ အလစ (အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန) တွေဆိုတာကလည်း အလုပ်သမားအရေး ဆယ်ရေးတစ်ရေး ပါကြတာမဟုတ်ဘူး။ အလုပ်ရှင်အလိုကျတွေချည်းပဲ။ အခုစက်ရုံတွေမှာ အလုပ်သမားသမဂ္ဂတွေ မရှိတာ၊ တိမ်းရှောင်နေကြရတာသာကြည့်။ NUG က တကယ်အရေးယူလိုက်ရင်တော့ အလုပ်သမားတွေ အခွင့်အလမ်း နည်းနည်းသာလာနိုင်ပါတယ်"

အမည်မဖော်လိုတဲ့ (UMFCCI) အဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ အမည်ပျက်စာရင်း သတ်မှတ်ခံရသူတွေဟာ တစ်ဦးချင်းလည်း ပိတ်ဆို့ခံရနိုင်သလို မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ ပစ်မှတ်လည်းဖြစ်လာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

"သူတို့ထုတ်ပြန်ချက်ထဲမှာပါသလို အရေးယူမှုတွေက တကယ်ရှိလာနိုင်တယ်။ တခြားနိုင်ငံတွေကလည်း အယူခံမတင်တဲ့ လူပုဂ္ဂိုလ်ချင်း၊ တစ်ဦးတစ်ယောက်ချင်းကို sanction ပိတ်ဆို့တာတွေ လုပ်လာနိုင်တယ်။ အဆိုးဆုံးပြစ်ဒဏ်ကတော့ မြို့ပြပြောက်ကျားအဖွဲ့တွေ့ရဲ့ ပစ်မှတ်သားကောင်ဖြစ်လာနိုင်တယ်"

(UMFCCI) အနေနဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုကျူးလွန်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ငွေကြေးထောက်ပံ့ကူညီနေသလို အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တိုက်ရိုက်ကျူးလွန်နေတာကြောင့် ဖွဲ့စည်းပုံနဲ့အတူ ဖျက်သိမ်းကြောင်း (NUG) က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။