စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ လုပ်ငန်းရှင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆွေးနွေး

2021.02.04
စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ လုပ်ငန်းရှင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆွေးနွေး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ် UMFCCI က လုပ်ငန်းရှင်အချို့ ၂၀၂၁ ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ဆုံခဲ့စဉ်
ဓါတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်းများအသင်းချုပ် UMFCCI တာဝန်ရှိသူတွေ အပါအဝင် လုပ်ငန်းရှင်အချို့နဲ့ မနေ့က ဖေဖော်ဝါရီ ၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
 
တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက နလန်မထူ နိုင်သေးတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီးလည်ပတ်နိုင်ဖို့၊ လူတွေရဲ့ စားဝတ်နေရေးနဲ့ အလုပ်အကိုင် ပြန်အဆင်ပြေနိုင်ဖို့ တပ်ချုပ်က အဓိကထားဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
 
“အဓိက သူတို့ဖြစ်ချင်တဲ့မူဝါဒတွေ ပြောတယ်။ လူတွေ စားဝတ်နေရေး အဆင်ပြေအောင် လုပ်ပေးဖို့၊ လုပ်ငန်းကိုင်ငန်းတွေအားလုံး ပြန်လည်ပတ်ဖို့ ဒါမျိုးကို သူတိုက်တွန်းတယ်။ နောက် ကုန်သည်တွေ ဘက်က လုပ်ငန်းတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကို တင်ပြတယ်။ ဒါပါပဲ။ အခုမှ အစဆိုတော့ သိပ်တော့ မသိသေးဘူး။ နောက်ပိုင်းတော့ နိုင်ငံတော်အစိုးရက သူတို့ ဘယ်လောက်ထိ အားထုတ်လဲ။ ပြည်သူလူထုက ဘယ်လောက်ထိ အားထုတ်လဲ အဲဒီအပေါ်မှာပဲ မူတည်တယ်။ အခုမှ အစဆိုတော့ ဘာမှမှန်းလို့ မရသေးဘူး။”
 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်ရဲ့ အခြေအနေအရပ်ရပ်ကြောင့် ယာယီ တာဝန်ယူဆောင်ရွက် နေတာဖြစ်တဲ့အကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်သွားမှာ မဟုတ်ဘဲ ပုံမှန်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဆက်လုပ်သွားမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မဲစာရင်းမှားယွင်းမှုတွေကို ဖော်ထုတ်ပြီး ရလဒ်အပေါ် မူတည်ပြီး တာဝန်ရှိသူတွကို ရွေးကောက်ပွဲ ဥပဒေအရ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ကြောင်း စသဖြင့် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
 
ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တခြားစီးပွားရေးလုပ်ငန်းရှင်တွေကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနဲ့ ဒုတိယဥက္ကဋ္ဌတွေ အပါအဝင် မိတ်ဖက် ညီနောင်အသင်းတွေက လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။