မြန်မာအပေါ် ကူညီငွေ ဗြိတိန် တိုးမြှင့်
2014.08.28

မြန်မာနိုင်ငံအတွက် ဗြိတိန်အစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ထောက်ပံ့ငွေကိုတိုးမြှင့်မယ်လို့ သိရပါတယ်။
ဗြိတိန်အစိုးရ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာ Desmond Swayne က ၂ဝ၁၄- ၂ဝ၁၅ ခုနှစ် အတွက် ဗြိတိန် ရဲ့ထောက်ပံ့ငွေ ပေါင်စတာလင် ၆၄.၇ သန်းကနေ ၊ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာ ပေါင်စတာလင် ၈၂ သန်းအထိ တိုးမြှင့်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့ကနေ ၂၈ ရက်အထိ သုံးရက် ကြာ မြန်မာပြည်ခရီးစဉ်အတွင်း ကြေညာခဲ့တာပါ။
ထောက်ပံ့ငွေတိုးမြှင့်တာနဲ့အတူ ဖွံ့ဖြိုးရေးအစီအစဉ် သစ်တွေလည်း တိုးချဲ့ထားရာမှာ ဒီမိုကရက်တစ်အစိုးရ အစီအစဉ်သစ်အတွက် ပေါင်စတာလင် ၂၅ သန်း သတ် မှတ်ထားပြီး၊ ၂ဝ၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတရေး အပြင်၊ အမျိုးသမီး ကိုယ်စားလှယ်တွေနဲ့ အမျိုးသမီး မဲပေးသူတွေရဲ့အသံတွေ ကြားသိနိုင်ရေးဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
ဒါ့ပြင် LIFT ခေါ် သက်မွေးဝမ်းကြောင်းနဲ့ စားနပ်ရိက္ခာလုံခြုံရေး အစီအစဉ်သစ်အတွက် ပေါင်စတာလင် ၁၆ သန်း သတ်မှတ်ထားရာမှာ စိုက်ပျိုးရေးနဲ့ တခြားသက်မွေးဝမ်းကြောင်း အလုပ်တွေနဲ့ပတ်သက်ပြီး အရင်းအနှီးနဲ့ အတတ် ပညာ၊ နည်းပညာချို့တဲ့နေသူတွေကို ထောက်ပံ့ကူညီရေးဖြစ်ပါတယ်။
အခုအခါ မြန်မာနိုင်ငံဟာ လမ်းဆုံလမ်းခွမှာ ရောက်ရှိနေပြီး၊ အရင်ထက်စာရင် သာယာဝပြောတဲ့ နိုင်ငံမျိုးနဲ့ နီးစပ်နေပေမဲ့၊ အဲသလိုဖြစ်ဖို့ လာမယ့်ရွေးကောက်ပွဲဟာ အားလုံးပါဝင်၊ လွတ်လပ်ပွင့်လင်းပြီး ယုံကြည်စိတ်ချစရာ အခြေအနေမျိုးရရှိဖို့ လိုအပ်တယ်လို့ မစ္စတာ Desmond Swayne က ပြောပါတယ်။
ဗြိတိန်အစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်သစ်မှာ ကလေးငယ်တစ်သိန်း ဝက်သက်ကာကွယ်ဆေး ထိုးနှံပြီးရေး၊ ကလေး တစ်သိန်းခုနစ်သောင်း မူလတန်းအဆင့် ကျောင်းပြီးရေး၊ အမျိုးသမီးတစ်သိန်း သုံးသောင်း ငါးထောင်အတွက် အသေးစားချေးငွေရရှိရေး အပါအဝင် ပညာရေး၊ ကျန်းမာရေးအစီအစဉ်တွေ ပါဝင်ပါတယ်။