တပ်မတော်နည်းပညာတက္ကသိုလ်တိုက်ခိုက်ခံရမှုသံသယနဲ့ ညီအစ်ကိုနှစ်ယောက်အဖမ်းခံရ


2019.08.24
dsta-622.jpg မန္တလေးတိုင်း ပြင်ဦးလွင်မြို့က တပ်မတော်နည်းပညာတက္ကသိုလ်ကို မြင်တွေ့ရစဉ်
Photo: Defence Services Technological Academy

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာရှိတဲ့ တပ်မတော်နည်းပညာတက္ကသိုလ် သြဂုတ်လ ၁၅ ရက်နေ့က တိုက်ခိုက်ခံရမှုသံသယနဲ့ ရှမ်းပရဟိတကျောင်းဆရာ ညီအစ်ကို နှစ်ဦးကို နေပြည်တော် စစ်ဘက် ဆိုင်ရာလုံခြုံရေး (စရဖ) အဖွဲ့က နေအိမ်မှာလာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့ ဖောင်တော်ရပ်ကွက်မှာနေကြတဲ့၊ အသက် ၂၈ နှစ်အရွယ် စိုင်းခွန်မိုင်းကို သြဂုတ်လ ၁၇ ရက်နေ့က ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ညီဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် စိုင်းလင်းဆင့်ကို သြဂုတ်လ ၁၉ ရက်နေ့က ဖမ်းခေါ်သွားတာလို့ ဖခင်ဖြစ်သူ ဦးစိုင်းစောလှက RFA ကို ပြောပါတယ်။

သူတို့ကို ပြင်ဦးလွင် မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေကြောင်းနဲ့ ဖခင်ကိုလည်း ရဲစခန်းက ခေါ်ယူမေးမြန်းတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

စိုင်းခွန်မိုင်းဟာ ကွန်ဟိန်းမြို့က ရှမ်းပရဟိတကျောင်းရဲ့ ဆရာဟောင်းဖြစ်ပြီး၊ စိုင်းလင်းဆင့် ကတော့ အဲဒီကျောင်းမှာ လက်ရှိအချိန်ထိ ဆရာအဖြစ် လုပ်ကိုင်နေရာကနေ၊ ပြီးခဲ့တဲ့သီတင်းပတ်ကမှ နေအိမ်ကို ပြန်ရောက်နေတာလို့ပြောပါတယ်။

သူတို့ နှစ်ယောက်စလုံး အဲဒီဖြစ်ရပ်နဲ့ပတ်သက်မှုမရှိဘူးလို့ ယုံကြည်သလို၊ သူတို့အဖမ်းခံထားရတဲ့ ကိစ္စကို  ပြည်နယ်လွှတ်တော် အမတ်တွေနဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတို့ကို အကူအညီတောင်း မယ်လို့ ဦးစိုင်းစောလှက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က ထိုးစစ်တွေရပ်မပေးလို့ဆိုပြီး၊ သြဂုတ်လ ၁၅ ရက်နေ့ မနက်အစောပိုင်းက ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ငါးနေရာကို  ရက္ခိုင့်တပ်တော် AA၊  တအာင်းလွတ်မြောက်ရေးတပ်ဖွဲ့ TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်၊ ရဲနဲ့ အရပ်သား အနည်းဆုံး ၁၅ ယောက်သေဆုံးခဲ့ပြီး၊ မြောက်ပိုင်းမှာလည်း စစ်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။