လိင် အကြမ်းဖက် (၂၁) နိုင်ငံ စာရင်းထဲ မြန်မာ ပါနေဆဲ


2014.04.24
Ban Ki-moon ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မိန့်ခွန်းပြောကြားစဉ်
UNIC-Yangon

ပဋိပက္ခတွေအတွင်း လက်နက်ကိုင်အဖွဲ့တွေက အမျိုးသမီးတွေအပေါ်အဓမ္မကျင့်မှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ တဲ့ နိုင်ငံပေါင်း လက်ရှိ  (၂၁) နိုင်ငံရှိကြောင်း မနေ့က အသစ် ထုတ်ပြန်လိုက် တဲ့ ကုလသမဂ္ဂ အစီရင်ခံစာ က ဖေါ်ပြခဲ့ရာမှာ မြန်မာနိုင်ငံဟာလည်း စာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အတွင်း အာရှ၊ အာဖရိက ၊ တောင်အမေရိက၊ အရှေ့အလယ်ပိုင်း နဲ့ ဥရောပတိုက်တွေ မှာ ရှိတဲ့ နိုင်ငံပေါင်း (၂၁) နိုင်ငံက စစ်တပ်၊ ပြည်သူ့စစ်၊ သူပုန် စတဲ့ လက်နက်ကိုင်အဖွဲ့ (၃၄) ဖွဲ့ဟာ အမျိုးသမီး တွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ အစီရင်ခံ စာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသူတွေအပေါ် အစိုးရ တပ်ဖွဲ့တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင်၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ နဲ့ပတ်သက်ပြီး စုံစမ်း စစ်ဆေးအရေးယူဖို့၊ ကုလသမဂ္ဂ နဲ့အတူ ပူးပေါင်း ဆောင်ရွက်ဖို့၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအကူအညီနဲ့ လူ့အခွင့်အရေးချိုးဖေါက် ခံရသူတွေကို ထိထိ ရောက်ရောက်အကာအကွယ်ပေးနိုင်မယ့် မူဝါဒတွေ ချမှတ်နိုင်အောင် ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် မစ္စတာ ဘန်ကီမွန်း က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမိးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုရေးသားမှု တွေ အများအပြားတွေ့ရှိလာနေရကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ကြောင်း၊ ကျူးလွန်သူ တွေ ဟာ လက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်ပြီး၊ အကြမ်းဖက်ခံရသူတွေထဲမှာ အသက် (၇) နှစ်အထိ ငယ်ရွယ်တဲ့ မိန်းကလေးတွေ ပါဝင်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။