နိုင်ငံတကာ ခရီးသွားလုပ်ငန်း ပြန်စဖို့ စစ်ကောင်စီပြင်ဆင်

2021.11.29
နိုင်ငံတကာ ခရီးသွားလုပ်ငန်း ပြန်စဖို့ စစ်ကောင်စီပြင်ဆင် ရန်ကုန်မြို့တွင် မေလ ၇ ရက်နေ့က တွေ့ရသော စစ်ကောင်စီတပ်သားများ။
File Photo: AFP

နိုင်ငံတကာခရီးသွားလုပ်ငန်းတွေကို မကြာခင်ရောက်လာတော့မယ့် ၂ဝ၂၂ အစောပိုင်းမှာ ပြန်စဖို့ စစ်ကောင်စီ က စီစဉ်ထားတဲ့အကြောင်း Vietnam သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

လာမယ့်နှစ် နိုင်ငံတကာ ခရီးသည်တွေကို ပြန်လက်ခံတဲ့အခါမှာ ပထမအဆင့်အနေနဲ့ ဒေသတွင်းနိုင်ငံတွေက ဧည့်သည်တွေကို မြန်မာဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက မျှော်လင့်ထားတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းကို ကိုးကားပြီး ဗီယက်နမ်သတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ ၂၃ရက်နေ့က မြန်မာနိုင်ငံအတွင်း ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်ခံရမှု ၂ခု ရှိလာတဲ့ အချိန် ကစပြီး နိုင်ငံတကာခရီးသွားလုပ်ငန်းတွေ၊ ပြည်ပလေကြောင်းပြေးဆွဲမှု၊ ဝင်ထွက်မှုတွေကို ဆိုင်းငံ့ ခဲ့တာပါ။ နောက်လထဲမှာ ထိုင်း-မြန်မာနယ်စပ်တွေကို ပြန်ဖွင့်တော့မယ်လို့လည်း မြန်မာ့ ဟိုတယ်နဲ့ခရီး သွားလာရေး ဝန်ကြီးဌာနက ကြေညာထားတဲ့အကြောင်း၊ ဒီနှစ်အတွင်း စက်တင်ဘာလအထိ ခရီးသည် တစ်သိန်းလောက် မြန်မာနိုင်ငံကို လာခဲ့ကြပြီး ကိုဗစ်ကပ်ရောဂါကြောင့် ၈၈ ရာခိုင်နှုန်း ကျဆင်း သွားတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်နဲ့မန္တလေးလို မြို့ကြီးတွေအပြင် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေ အတွင်းမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီ ဆန့်ကျင်သူတွေအကြား ပြစ်ခတ်တိုက်ခိုက်မှုတွေက နေ့တိုင်းလိုလိုရှိနေပါတယ်။

စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာလည်း နိုင်ငံတဝန်းမှာ အခုအချိန်ထိ ရှိနေပါသေးတယ်။ ကမ္ဘာ့နိုင်ငံ တချို့ကလည်း သူတို့ပြည်သူတွေကို အခုလိုအချိန်မှာ မြန်မာနိုင်ငံကို ခရီးမသွားသင့်ကြောင်း သတိပေးချက် တွေ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။