မိုးကုတ်မြို့နယ်က စစ်ကောင်စီစခန်းကို TNLA သိမ်းယူ
2024.06.30

မိုးကုတ်မြို့နယ်က စစ်ကောင်စီရဲ့ ရွှေမျက်ဝန်းတပ်စခန်းကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဇွန်လ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ "၁၀၂၇ စစ်ဆင်ရေး" ဒုတိယလှိုင်းအနေနဲ့ တိုက်ပွဲခြောက်ရက်မြောက်နေ့ဖြစ်တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီ စခန်းသိမ်းယူနိုင်ခဲ့တာကို TNLA က မနေ့ညက သတင်းထုတ်ပြန်တာပါ။
မိုးကုတ်မြို့အတွင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ ရဲစခန်းတွေကို ဇွန်လ ၂၅ ရက်နေ့ကတည်းက TNLA၊ MDY-PDF နဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။
မိုးကုတ်မြို့နယ်တွင်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက ပိတ်ထားတဲ့အတွက် မြို့ခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇွန်လ ၂၅ ရက်နေ့ကနေ ဇွန်လ ၂၉ ရက်နေ့အထိ ငါးရက်အတွင်း စစ်ကောင်စီတပ်စခန်း သုံးဆယ်ကျော်ကို သိမ်းယူနိုင်ခဲ့ကြောင်းလည်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက RFA ကို ပြောထားပါတယ်။
တစ်ကျော့ပြန် "၁၀၂၇ စစ်ဆင်ရေး" ငါးရက်မြောက်နေ့အထိ စစ်ကောင်စီ တပ်စခန်း သုံးဆယ်ကျော် သိမ်းယူနိုင်ခဲ့သလို စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အပါအဝင် ၅၀ ကျော် လက်နက်ချလာတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူက ပြောပါတယ်။