မိုးမိတ်က တပ်စခန်းသုံးခုကို သိမ်းပိုက်ခဲ့ကြောင်း TNLA ပြော
2024.07.08

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်က စစ်ကောင်စီ တပ်စခန်းသုံးခုကို ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်ရရှိတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနဲ့ လယ်ကြီးစခန်းတို့ကို အပြီးသတ် သိမ်းပိုက်နိုင်လိုက်တာလို့ TNLA က ပြောပါတယ်။
မိုးမိတ်မှာ စခန်းသိမ်းတိုက်ပွဲတွေ ရှိနေသလို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တို့မှာလည်း မနေ့က တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး ပြန်လည် ခုခံတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာတော့ မြို့အတွင်း အရပ်သားတွေ ပိတ်မိနေတယ်လို့ မိုးကုတ်မြို့ဒေသခံတွေက RFA ကို ပြောထားပါတယ်။
တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မိုးမိတ်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ရွှေသာယာတပ်စခန်းကိုလည်း TNLA နဲ့ ပူးပေါင်းတပ်တွေက ဇူလိုင်လ ၄ ရက်နေ့ညက သိမ်းပိုက်နိုင်ခဲ့ကြောင်း ပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။
ဇွန် ၂၅ ရက်နေ့ကစလို့ "၁ဝ၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။