မိုင်းယော်ရွာ လူသတ်မှု စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆို


2016.07.04
lashio-corpse-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ကျေးရွာအဝင်မှာ ဇွန်လ ၃ဝ ရက်နေ့က တွေ့ရှိခဲ့တဲ့ လူသေအလောင်းတွေထဲက တစ်လောင်းကို သယ်ဆောင်လာစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ရွာအနီးမှာ ဇွန်လ ၂၅ ရက်နေ့က တေ့ွရှိထားတဲ့ အလောင်း ၇ လောင်း ဟာ တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်းနဲ့ အဲ့ဒီအမှုကို တရားမျှတမှုရှိအောင် ဖော်ထုတ်ပေး ဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီနေ့က သေဆုံးခဲ့သူတွေဟာ TNLA ရဲ့ တပ်သားတွေမဟုတ်ဘဲ ဒေသခံတွေဖြစ်တာကြောင့် အမှုမှန်ကို ဖော် ထုတ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ TNLA သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

"ဖြစ်တဲ့အချိန်က ပြောင်းဖူးခင်းထဲမှာ အလုပ်လုပ်နေတဲ့အချိန်မှာ အယောက် ၅ဝ ကျော် ဖမ်းသွားတယ်၊ ကျန်တဲ့သူတွေက ပြန်လွှတ်တယ်၊ အဲ့ ၇ ဦးက သတ်ဖြတ်ခံရတယ်၊ အဲ့မှာအသတ်မခံရဘဲနဲ့ ပြန်လွှတ် လာတဲ့လူလည်း အများကြီးရှိတယ်"

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကစပြီး မိုင်းယော်ဒေသတစ်ဝိုက်မှာ TNLA အနေနဲ့ ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှ တိုက် ပွဲဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း လည်း ပြောပါတယ်။ PSLF/TNLA သတင်းထုတ်ပြန် ချက်မှာ ဒေသခံရွာသားတွေ ရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး အစိုးရတပ်မတော်က ပြောင်းဖူးခြံ လုပ်သားတွေကို ဖမ်းဆီးခဲ့ကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့က ပြောင်းဖူးခြံအနီးမှာ ရွာသား ၅ ဦးရဲ့ အလောင်းကို တူးဖော်တေ့ွရှိခဲ့ကြောင်း ပါရှိပါတယ်။

တပ်မတော်က ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က သတင်းထုတ်ပြန်ရာမှာ မိုင်းယော်ကျေးရွာအနီး တေ့ွရှိထားတဲ့ အလောင်း ၇ လောင်းနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်းနဲ့ တပ်မတော်နဲ့ TNLA တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၅၊ ၂၆ ရက်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲပြီးတဲ့နောက် သေနတ် ဒဏ်ရာနဲ့ သေဆုံးနေတဲ့ TNLA တပ်ဖွဲ့ဝင် ၇ ဦးရဲ့အလောင်းကို တေ့ွရှိတဲ့အတွက် မြေမြုှပ်သဂြိုလ်ခဲ့ကြောင်း ထုတ်ပြန် ခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ဖို့အတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်သွားမယ်လို့ ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

PSLF/TNLA က သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။