ရှမ်းရွာသား ၇ ဦး ဖမ်းဆီးခံရမှု စစ်သားအများအပြားကို ဖမ်းဆီးထား


2016.07.19
lashio-corpse-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ကျေးရွာအဝင်မှာ ဇွန်လ ၃ဝ ရက်နေ့က တွေ့ရှိခဲ့တဲ့ လူသေအလောင်းတွေထဲက တစ်လောင်းကို သယ်ဆောင်လာစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်ရွာမှာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းကဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်လို့ စစ်သားအများအပြားကို ဖမ်းဆီးထားပြီး၊ စစ်ခုံရုံးမှာ စတင် စစ်ဆေးနေတယ်လို့ အရှေ့မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် သိန်းဇော်က ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒါပေမယ့် ဖမ်းဆီးထားသူအရေအတွက်ကိုတော့ မပြောဆိုပါဘူး။ အကြီးတန်းစစ်တပ်အရာရှိတစ်ဦး ကလည်း ဒီအမှုကို အပြည့်အဝစုံစမ်းစစ်ဆေးမယ်လို့ ရွာသားတွေကိုပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းကဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က မိုင်းယော်ရွာအတွင်းကို မြန်မာ့တပ်မတော် စစ်သားတွေ ဝင်ရောက်လာပြီး၊ ရွာသားလူငယ်ငါးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့ရဲ့အလောင်းတွေကို တူးဖော်တွေ့ရှိခဲ့ရပါတယ်။ ထွက်ပြေးသူ ညီအကိုနှစ်ဦးရဲ့ အလောင်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တပ်မတော်ပိုင် မြဝတီသတင်းဌာနက ဒီဖြစ်စဉ်မှာ ပလောင်လက်နက်ကိုင်အဖွဲ့ TNLA ပါဝင်ပတ်သက်နေကြောင်း၊ တပ်မတော် ပါဝင်မှုမရှိကြောင်း ဇူလိုင်လ ၁ ရက်နေ့ထုတ် သတင်းစာမှာ ဖော်ပြခဲ့ပါ တယ်။ ဇူလိုင်လ၃ရက်နေ့မှာတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်စိုး က သေဆုံးသူ ၇ ဦးရဲ့ မိသားစုတွေကို အလှူငွေ ကျပ်သုံးသိန်းစီ ပေးအပ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ ဒေသအရာရှိတွေကလည်း ဒီအမှုကိုတပ်မတော်က ကိုင်တွယ်စုံစမ်းစစ်ဆေးနေတဲ့အတွက် မိမိတို့ မဆောင်ရွက်နိုင်ကြောင်း မိုင်းယော်ရွာသားတွေကပြောဆိုခဲ့တာယ်လို့လည်း သတင်းမှာဖော်ပြ ပါတယ်။

မြန်မာ့တပ်မတော်မှာ အခုလို ကိစ္စမျိုးတွေအတွက် စစ်သားတွေကို ဖမ်းဆီးတာ၊ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်း စစ်ဆေးတာမျိုး မရှိသလောက် အလွန်ရှားပါးတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် AI လို လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တွေကလည်း အစိုးရစစ်တပ်အနေနဲ့ အခုလို လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်သူ စစ်သားတွေကို ခုံရုံးဖွဲ့စစ်ဆေးတာမျိုး တစ်ခါမှ မလုပ်ဖူးကြောင်းပြောဆိုကြပါတယ်။

ဒီအမှု စစ်ဆေးနေတာနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က အသေးစိတ်မပြောဆိုပေမယ့် ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ သတင်းစာရှင်းလင်းပွဲခေါ်ယူမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။