လားရှိုးမြို့နယ်က မိုင်းယော်ရွာနားမှာ အလောင်းတွေ တွေ့ရှိ
2016.06.30

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ကျေးရွာအဝင်မှာ လူသေအလောင်း ၇ လောင်း ကို တွေ့ရှိခဲ့ပါတယ်။
အမျိုးသားအလောင်း ၆ လောင်းနဲ့အမျိုးသမီးအလောင်းတစ်လောင်းကို ဒီနေ့တွေ့ရှိခဲ့တယ်လို့ ရှမ်းပြည်နယ်မြောက် ပိုင်း အရပ်ဘက်အဖွဲ့အစည်းကွန်ရက် ဥက္ကဌ ဒေါ်သန်းသန်းအေးက ပြောပါတယ်။
"အရပ်သားအလောင်း ၅ လောင်းပေါ့နော်၊ အဲ့ ၅ လောင်းက တောင်ပေါ်မှာ မြှုပ်ထားတယ်ပေါ့နော်၊ ပလောင် ၃ ယောက်၊ ရှမ်း ၂ ယောက်လို့ ကျမတို့ကြားသိခဲ့ရတယ်၊ ကျင်းတစ်ကျင်းမှာ ၂ ယောက်မြှုပ်ထားတယ်၊ ကျင်း တစ်ကျင်းမှာ ၃ ယောက်မြှုပ်ထားတယ်၊ လက်ပြန်ကြိုးတုပ်ထားတဲ့ အနေအထားတွေလည်းတွေ့တယ်၊ နောက်ပြီး အဲ့အလောင်းနဲ့ မလှမ်းမကမ်းမှာ သူတို့ကိုတုပ်ထားတဲ့ ကြိုးတွေကိုလည်း တွေ့ခဲ့ရပါတယ်၊ အောက်ဆင်းလာပြီး လမ်းတစ်ဖက်မှာကျတော့ ကျမတို့ တွေ့မြင်ခဲ့ရတာ အလောင်း ၂ လောင်းမှာ တစ်ယောက်က အမျိုးသမီး၊ တစ်ယောက်က အမျိုးသားပါ၊ ကျမတို့သွားတဲ့အခါမှာ ဒေသခံတွေက ပြောတာပေါ့နော် ဒါကသူတို့ သေနတ် သံတွေ ကြားတာပေါ့နော်"
လူသေအလောင်း ၅ လောင်းကို ကျေးရွာအဝင် တစ်ဖာလုံ လောက်သွားရတဲ့ ပြောင်းစိုက်ခင်းအပေါ်ဘက်မှာ သုံးလောင်းတစ်ကျင်း၊ နှစ်လောင်းတစ်ကျင်း မြှုပ်နှံထားတာဖြစ်ပြီး မန်ကစ်ရွာက ပလောင်တိုင်းရင်းသားတွေနဲ့ မန်တပ်ရွာက ရှမ်းတိုင်းရင်းသားတွေဖြစ်တယ်လို့အရပ်ဘက်အဖွဲ့အစည်းက ပြောပါတယ်။
ကျန်နှစ်လောင်းကတော့ အမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦးဖြစ်ပြီး မိုင်းယော်အဝင် လမ်းဘေးမြောင်းထဲ မှာ မြှုပ်နှံထားတာဖြစ်ကာ ဘယ်သူတွေလဲဆိုတာကို မသိရသေးဘူးလို့ဒေသခံတွေက ပြောပါတယ်။
အလောင်းတွေ့ရှိတဲ့နေရာဟာ မိုင်ယော်နယ်မြေရဲကင်းစခန်းနဲ့ အနည်းငယ်သာ ကွာဝေးတာဖြစ်ပြီး ဒေသခံတွေက အလောင်းကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို အကူညီတောင်းပေမယ့် အကူညီမရခဲ့ဘူးလို့ ပြောပါတယ်။
ဒါ့အပြင် လားရှိုးမြို့က လူမှုအဖွဲ့အစည်းတွေနဲ့သတင်းမီဒီယာတွေက ရဲစခန်းကို သွားရောက်မေးမြန်းရာမှာ လုံးဝဖြေကြားခြင်းမရှိပါဘူး။