လားရှိုးမှာ အလောင်းတွေ့မှု လူ့အခွင့်အရေးကော် မရှင် မေးမြန်းနေဆဲ


2016.07.01
lashio-corpse-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ကျေးရွာအဝင်မှာ ဇွန်လ ၃ဝ ရက်နေ့က လူသေအလောင်းတွေကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာအနီးမှာ မနေ့ကတွေ့ရှိခဲ့တဲ့ အလောင်း ၇ လောင်းအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေနဲ့ နယ်မြေခံ အဖွဲ့အစည်းတွေထံ စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း ကော်မရှင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေနဲ့ အမှုကို ဆက်လက်စုံစမ်းစစ်ဆေးရန် သင့် မသင့် ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က အခုလိုပြော ပါတယ်။

"လောလောဆယ်တော့ ဘာမှတော့မဆောင်ရွက်ရသေးဘူး၊ စုံစမ်းနေတုန်းပဲ၊ လုပ်ထုံးလုပ်နည်းအရဆိုရင် ဆရာတို့က သတင်းအရ ကြားသိရရင်ပဲဖြစ်ဖြစ် ဂျာနယ်ကဖြစ်ဖြစ်၊ အင်တာနက်ကဖြစ်ဖြစ် သတင်းရ ရင်တော့ ဆရာတို့ဆောင်ရွက်ပါတယ်ခင်ဗျ၊ တိုင်မှမဟုတ်ဘူးလေ၊ သတင်းရလို့ရှိရင် ဆရာတို့က အစည်းအဝေးကိုတင်ပါတယ်၊ အစည်းအဝေးကတော့ စုံစမ်းဖို့ဆုံးဖြတ်ရင် ဆုံးဖြတ်ပါတယ်"

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်မှာ ဇွန်လ၂၅ ရက်နေ့က အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး တစ်ဦး အသတ်ခံရမှုအတွက် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ကလည်း အမှုဖွင့်အရေးယူထားခြင်း မရှိသေးပါဘူး။ အဲ့ဒီ အမှုအတွက် လာရောက်တိုင်တန်းသူ မရှိသေးဘူးလို့ ရှမ်းပြည်နယ် မြောက်ပိုင်း ရဲတပ်ဖွဲ့က ဒုတိယ ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။

ဇွန်လ ၂၅ ရက်နေ့က လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က လူ ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဲ့ဒီအထဲက အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၂ ဦး ကျန်ခဲ့ပါတယ်။ ပြောင်းဖူးခင်းထဲမှာ မြှုပ်နှံထားတာ ကို တွေ့ရှိခဲ့တဲ့ အလောင်း ၅ လောင်းဟာ အဖမ်းခံရပြီး ကျန်နေခဲ့သူ အမျိုးသား ၂ ဦးနဲ့ ကျေးရွာကနေ ပြောင်းဖူး ခင်းကို သွားရောက်တဲ့ အမျိုးသား ၃ ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒါအပြင် မိုင်းယော်ကားလမ်းဘေးမှာ တွေ့ရှိခဲ့ရတဲ့ အလောင်း ၂ လောင်းက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ပြီး ဘယ်သူတွေဆိုတာ ဒေသခံတွေက မသိကြပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအနီးမှာ အလောင်း ၇ လောင်း တွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရ ၊ ရှမ်းပြည်နယ်၊မြောက်ပိုင်း ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ရဲ့ ပြောကြားချက်တွေကို  RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။