မန်တုံမြို့ရှိ စစ်ကောင်စီ တပ်စခန်းအားလုံး သိမ်းနိုင်ခဲ့ကြောင်း TNLA ပြော
2023.12.24

Updated 1:35 PM Dec 24, 2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့က စစ်ကောင်စီတပ် ဗျူဟာမှူး အခြေချကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဒီဇင်ဘာ ၂၄ ရက် ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။
မန်တုံမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းတွေကို (TNLA) တပ်တွေက ဒီဇင်ဘာလ ၁၉ ရက်ကစပြီး တိုက်ခိုက်ခဲ့တာပါ။
ဒီဇင်ဘာ ၂၂ ရက်ညနေပိုင်းမှာ ခလရ (၁၃၀) ဗျုဟာကုန်း၊ ခိုမုန်း တပ်စခန်း၊ လွယ်ဆိုင်တောင် တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ၁၅၅ ဟောင်ဝစ်ဇာအမြောက် နှစ်လက်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
မန်တုံမြို့ စခန်းသိမ်းတိုက်ပွဲ လေးရက်အတွင်း စစ်ကောင်စီ တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် လုပ်ခဲ့တယ်လို့ (TNLA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေကြောင်း တိုက်ခိုက်မှုပေါင်း (၂၆၅) ကြိမ်အထိ လုပ်ခဲ့သလို ဗုံးကြဲတဲ့ အကြိမ်ပေါင်း တစ်ထောင်ကျော် (၁၀၃၈ ကြိမ်) ရှိခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရခဲ့သလို နေအိမ် (၁၅) လုံး ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးကတော့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲ အခြေအနေနဲ့ နှစ်ဖက် ထိခိုက်သေဆုံးမှုကို အသေးစိတ်သိနိုင်ဖို့ (TNLA) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
စစ်ကောင်စီဘက်ကလည်း မန်တုံမြို့ အခြေအနေနဲ့ပတ်သက်လို့ ဒီနေ့မနက်ထိ ထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေရဲ့ ဖော်ပြထားချက်အရ ဒီဇင်ဘာလ ၂၃ ရက် မနက်ပိုင်းမှာ နယ်မြေခံ ခလရ (၁၃၀) စခန်းကို စွန့်လွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
(TNLA) ကတော့ ဒီဇင်ဘာလ ၂၃ ရက် မနေ့ကအထိ မိုင်းလုံမြို့၊ နမ့်ဆန်မြို့နဲ့ နမ့်ခမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် စတုတ္ထမြောက် မြို့အဖြစ် မန်တုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ ဒီနေ့မနက် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
(မှတ်ချက်။ မူလသတင်းခေါင်းစဉ် "မန်တုံမြို့ရှိ စစ်ကောင်စီ တပ်စခန်းအားလုံး သိမ်းနိုင်ခဲ့ပြီလို့ TNLA ပြော" အစား "မန်တုံမြို့ရှိ စစ်ကောင်စီ တပ်စခန်းအားလုံး သိမ်းနိုင်ခဲ့ကြောင်း TNLA ပြော"ဟု ပြင်ဆင်ရေးသားထားပါသည်။)