ဟိုင်ဂင်သဘောတူညီချက်မှာ စိန်ခေါ်မှုတွေရှိနေကြောင်း TNLA ပြော
2024.06.24

တအာင်းဒေသအတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ၊ လေကြောင်း တိုက်ခိုက်တာတွေကို အကြိမ်ရေ အများအပြားလုပ်နေတာကြောင့် ဟိုင်ဂင်သဘောတူညီချက်မှာ စိန်ခေါ်မှုတွေရှိနေကြောင်းနဲ့ သဘောတူညီချက်ကို ပြန်သုံးသပ်ရမဲ့ ပုံစံဖြစ်နေတယ်လို့လည်း ဗိုလ်ချုပ်တာဘုန်းကျော်က ပြောလိုက်ပါတယ်။
တအာင်းပြည်တွင်း စစ်ရေး၊ နိုင်ငံရေးအခြေနေတွေနဲ့ ပတ်သက်ပြီး TNLA က ဗိုလ်ချုပ်တာဘုန်းကျော်ရဲ့ ပြောကြားချက်ရုပ်သံကို ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ရာမှာ ထည့်သွင်းပြောဆိုထားတာပါ။
တအာင်းဒေသအပြင် ကရင်နီ၊ ကရင်၊ ရခိုင်၊ ကချင်နဲ့ အညာဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီး မြို့တွင်းထဲမှာရော နေရာအနှံ့အပြားမှာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ တိုးလာနေတာကြောင့် ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီအနေနဲ့ လိုက်နာနိုင်ပါ့မလားဆိုတာ စိုးရိမ်ကြောင်းလည်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော် က ပြောပါတယ်။
TNLA ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းက ဟိုင်ဂင်သဘောတူညီချက်ကို ခိုင်မာအောင်ကြိုးစားနေပြီး TNLA အဖွဲ့နဲ့ အဆက်မပြတ် ထိတွေ့ဆက်ဆံနေတဲ့အပြင် စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံတာတွေရှိနေတယ်လို့ ဗိုလ်ချုပ်တာဘုန်းကျော်က ပြောပါတယ်။ ဒါကြောင့် တရုတ်အစိုးရရဲ့ ဦးဆောင်မှုနဲ့ ရေးထိုးထားတဲ့ ဟိုင်ဂင်သဘောတူညီချက်ကို အားလုံးက လေးစားလိုက်နာဖို့ မျှော်လင့်တယ်လို့ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုအရ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပြီး ယာယီအပစ်ရပ်ဖို့ သဘောတူတဲ့ ဟိုင်ဂင်သဘောတူညီချက်ကို ဇွန်လ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။